လေးမျက်နှာ ၈ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက လေးမျက်နှာမြို့ အထွေထွေရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဥက္ကဋ္ဌ ဒေါ်ကျင်ဌေးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ)အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းလမ်းစဉ်များ၊ ရွေးကောက်ပွဲကျင်းပမည့် ကာလအတွင်း မဲလက်မှတ်များ သိုလှောင်ခြင်း၊ စုဆောင်းခြင်းနှင့် သယ်ဆောင်ခြင်းလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ မြို့ပေါ်/ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ မဲရုံများကို မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့(ခွဲ)မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအတွက် လိုအပ်သည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


