လေးမျက်နှာ ၂၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီတွင် လေးမျက်နှာမြို့နယ် မြတ်စေတနာ(အခမဲ့) ဆေးခန်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား အသက်အရွယ်အပိုင်းအခြားနှင့် ကာကွယ်ဆေးအပြည့်အဝ ရရှိစေရန် (၂)ကြိမ်ထိုးနှံပေးရန် လိုအပ်ပြီး ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။ HPV ကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်မှ စတင်ထိုးနှံပေးလျက်ရှိပြီး အသက်(၉) နှစ်မှ (၁၀) နှစ်အကြား အမျိုးသမီးငယ်များအား HPV ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် Human Papilloma Virus ဟုခေါ်သည့် HPV ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးသည် HPV ပိုးဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးအား နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးတိုင်းကို တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြားပြီး နှစ်ကြိမ်ထိုးနှံပေးရမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


