လေးမျက်နှာ ၁ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီခန့်က မြတ်စေတနာ(အခမဲ့)ဆေးခန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(B)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်ရောဂါ (၁၁)မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော(Rota)ကာကွယ် ဆေး တိုက်ကျွေးကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးပေးခြင်း တို့ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)


