ကျောက်ဖြူ ဧပြီ ၁၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေပတ်လည်ဝန်းရံလျက်ရှိပြီး လေ ပြင်းဘေးဖြစ်ပွားနိုင်ခြေရှိသည့် မာန်အောင်မြို့နယ်သို့ သွားရောက်ကာ ၎င်းမြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာအချို့မှ ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်သော အိုးအိမ် များဖြစ်စေရေးအတွက် ဧပြီ ပထမအပတ်က ထောက်ပံ့ပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဆင်းရဲနွမ်းပါးသည့် မိသားစုများအတွက် လေပြင်းဘေးဒဏ်ခံနိုင်သော အိုးအိမ်များဖြစ်စေရေး စီမံချက်ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ မာန် အောင်မြို့နယ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ စစ်တမ်းကောက်ရွေးချယ်ထားသည့် မြို့ပေါ်(၄)ရပ်ကွက်မှ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု(၆၄)စုနှင့် ကျေးရွာများဖြစ်သည့် ဘူးရေမျက်ကျေးရွာ၊ ကျွဲခတ်ပြား ကျေးရွာ၊ မျှော်တော်ဦးကျေးရွာ၊ ကြက်ရိုးကျေးရွာ၊ သစ်ပုံကျေးရွာ၊ ဇရပ်ကုန်းခင်ကျေးရွာ တန်လောင်ကုန်းကျေးရွာတို့မှ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု(၁၁၁)စု၊ စုစုပေါင်းအိမ်ထောင်စု (၁၇၅)စု တို့အတွက် ခုနစ်ဆယ့်သုံးသိန်း တစ်သောင်းနှစ်ထောင့်ငါးရာကျပ် တန်ဖိုးရှိ ဝါးနှင့်ဓနိများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်းစိုး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့က ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ်၌ လေပြင်းဘေးစီမံချက်ပြုလုပ်သည့် ပထမဆုံးမြို့နယ်မှာ စစ်တွေမြို့နယ်ဖြစ်ပြီး ယခုမာန်အောင်မြို့နယ်၌ ပြုလုပ်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)