တနင်္သာရီ ၄ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဩဂုတ် ၃ ရက် နံနက် ၅ နာရီခွဲ ခန့် က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျမှုပျက်စီးမှု ဖြစ်ပွားခဲ့သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးသန်း၊ မြိတ်ခရိုင် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး၊ မြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီက နေအိမ် ပြိုကျမှုပျက်စီးမှုဖြစ်ပွားခဲ့သော ရပ်ကွက်၊ ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့်အတူ ငွေနှင့် ထောက်ပံ့ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် ပူးပေါင်းအဖွဲ့က ချောင်းကြီးရပ်ကွက်အတွင်း တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နန်းမြင့်သူစားသောက်ဆိုင်နှင့် နေအိမ်တစ်လုံး နှင့် မိသားစုဝင်(၁၅)ဦး၊ တမုတ်ချုန်းကျေးရွာအုပ်စုအတွင်းမှ ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂)လုံးနှင့် မိသားစု (၁၃)ဦး၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု-ဗောဓိကမ်းကျေးရွာမှ ပြိုကျနေအိမ် တစ်လုံးနှင့်မိသားစု(၆)ဦး၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စု- ထုံမခါကျေးရွာနှင့် ထုံတော်ကျေးရွာတို့မှ ပြိုကျ ပျက်စီးနေအိမ်(၂)လုံးနှင့် မိသားစုဝင် (၁၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (တစ်သိန်း) စီနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၇)ရက်စာအတွက် တစ်ဦးလျှင်ငွေကျပ် (၂၁၀၀)နှုန်းတို့နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါဝင်သည့် သေတ္တာပုံးတစ်လုံးစီကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့် မြိတ်ခရိုင်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှတစ်ဆင့် ပေးပို့လာသော တာပေါ်လင်(တာလပါ)(၂)ချပ်စီ၊ အိမ်ဆောက်ပစ္စည်းများနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း(တစ်လစာ)အတွက် တစ်ပုံးစီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးပြီး အသုံးပြုနည်းကိုလည်း ရှင်းပြပေးကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)