မင်းဘူး ၂၀ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင် မေ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် လေပြင်းတိုင်ခတ်မှုကြောင့် လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီး၍ နွားသုံး ကောင် သေဆုံးခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။
အိုင်းမပြင်ကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာနေ တောင်သူ ဦးတင်ထွန်းသည် ကျေးရွာအနောက်မြောက်ဘက် (၁) မိုင်ခန့်အကွာ ယာတောထဲတွင် နွားကျောင်းနေစဉ် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် မိုးသက်လေပြင်းတိုက်ခတ်လာသဖြင့် ၎င်းကျောင်းနေသည့် နွားများမှာ ယာတောအနီးရှိ လုံးပတ်(၂၀) ပေခန့်၊အရှည် (၄၀) ပေခန့်ရှိ လက်ပံပင်အောက်တွင် မိုးခိုနေစဉ် ၂ နာရီ မိနစ် ၄၀ အချိန်ခန့်၌ လက်ပံပင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့ရာ နွားမ(၄) နှစ်သားတစ်ကောင်၊ နွားထီး(၂) နှစ်သား နှစ်ကောင်၊ စုစုပေါင်း နွား(၃)ကောင်မှာ သစ်ပင်ပိ၍ အဆိုပါနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မင်းဘူး(စကု) မြို့နယ်၊ ဥယျာဉ်ကျေးရွာတွင်း၌လည်း နေအိမ် သုံးလုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်သော နေရာများသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများက သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိသည်။
မျိုးမြတ်(မင်းဘူး)
