မကွေး ၂၁ မေ
မေလ ၂၀ ရက် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်ရှိ ကျေးရွာ(၂၇)ရွာ၌ လူနေအိမ်(၁၄)လုံး ပြိုကျပျက်ဆီးခဲ့ပြီး ဘာသာရေး အဆောက်အဦ အလုံး ၂၀ နှင့် လူနေအိမ်(၆၉၃)အိမ် အမိုးလန်ပျက်စီးခဲ့ကာ အိမ်ထောင်စု(၇၀၇)စုနှင့်လူဦးရေ(၃၂၇၁)ဦး လေးဘေးသင့်မှု ကြုံခဲ့ရကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

“ပြိုကျပျက်စီးတဲ့နေအိမ်တွေကို တစ်အိမ် တစ်သိန်းကျပ်နှုန်း၊ အမိုးလန်ပျက်စီးတဲ့နေအိမ်တွေကို တစ်အိမ်ကို ကျပ်သုံးသောင်းနှုန်း၊ ဆန်ဖိုးအဖြစ် တစ်ဦးလျှင် ငွေကျပ် ၂၁၀ဝ နှုန်း ထောက်ပံ့ပေးသွားမှာပါ။ ဒီနှစ်ကတော့ မနှစ် ကထက် လေဘေးသင့်မှု ပိုများခဲ့ပါတယ်။ ဌာနအနေနဲ့ ကူညီထောက်ပံ့မှုတွေကို ပြည်သူ့လက်ဝယ်အရောက် အမြန်ဆုံး လုပ်ဆောင်ပေးနေပါတယ်” ဟု မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်စိုး က ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ငဖဲမြို့နယ်တွင် လူနေအိမ်(၁)လုံးပြိုကျ၊ ဘာသာရေးအဆောက်အဦ(၃)လုံး၊ လူနေအိမ် (၁၇၀) အမိုးလန် ပျက်ဆီးခဲ့ပြီး အိမ်ထောင်စု(၁၇၁)စုမှ လူဦးရေ(၇၁၆)ဦး ဘေးသင့်ခဲ့ကြောင်း၊ မကွေးမြို့နယ်အတွင်း ကျေးရွာ (၃)ရွာတွင် လူနေအိမ်(၁)လုံးပြိုကျ၊ လူနေအိမ်(၃၅)လုံးအမိုးလန် ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၃၆)စု မှ လူဦးရေ (၁၁၆)ဦး ဘေးသင့်ခဲ့ကြောင်း၊ စေတုတ္တရာမြို့နယ်အတွင်းကျေးရွာ (၄)တွင် ဘာသာရေး အဆောက်အဦ (၄)လုံးနှင့် လူနေအိမ် (၅၉)လုံးအမိုးလန် ပျက်ဆီးခဲ့ပြီး အိမ်ထောင်စု(၅၉)စု မှ လူဦးရေ(၂၂၁)ဦး ဘေးသင့်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
အလားတူ တောင်တွင်းကြီးမြို့နယ်အတွင်း ကျေးရွာ(၆)ရွာတွင် လူနေအိမ် (၄)လုံး ပြိုကျ၊ ဘာသာရေး အဆောက်အဦ(၅)လုံးနှင့် လူနေအိမ် (၂၀၃) အမိုးလန် ပျက်ဆီးခဲ့ပြီး အိမ်ထောင်စု(၂၀၇)စု မှ လူဦးရေ(၁၂၀ဝ)ဦး ဘေးသင့်ခဲ့ ကြောင်း ၊ မြို့သစ်မြို့နယ်အတွင်းကျေးရွာ(၈)ရွာတွင် လူနေအိမ်(၃)လုံးပြိုကျ ၊လူနေအိမ်(၁၃၆)အမိုးလန် ပျက်ဆီးခဲ့ပြီး အိမ်ထောင်စု(၁၃၉)စုမှ လူဦးရေ (၆၁၀)ဦး ဘေးသင့်ခဲ့ကြောင်း၊ မင်းဘူး (စကု) မြို့နယ်အတွင်း ကျေးရွာ(၆)ရွာတွင် လူနေအိမ်(၅) လုံးပြိုကျ၊ ဘာသာရေးအဆောက်အဦ(၈)လုံးနှင့် လူနေအိမ်(၉၀)အမိုးလန် ပျက်ဆီးခဲ့ပြီး အိမ်ထောင်စု(၉၅)စု မှ လူဦးရေ (၃၆၃)ဦး ဘေးသင့်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အတွင်း၌ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်နေ့ထိ လေဘေးသင့်သည့် ဒေသ(၁၀ဝ) ကျော် ရှိခဲ့ပြီး ပြိုကျပျက်ဆီးသည့်လူနေအိမ်(၈၆)လုံး၊ အမိုးလန်ပျက်ဆီးလူနေအိမ် (၂၄၉၇) လုံး၊ ဘေးသင့်အိမ်ထောင်စု(၂၅၈၃)စု ဘေးသင့်လူဦးရေ(၉၉၉၂)ဦး ရှိခဲ့ကြောင်း၊ ဘာသာရေး အဆောက်အဦ (၅၇)လုံး ပြိုကျမှုနှင့် ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့ပြီး ဆန်ရိက္ခာ၊ အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်း နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၂၀ဝ ကျော် ထောက်ပံ့မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဇေယျတု(မကွေး)