လေရှီး ၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP ICB-4) တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလ ၃ ရက်နေ့က လေရှီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ဆောင်ရွက်နေသော ကျေးရွာများမှာ အောင်မြင်သာကျေးရွာ၊ ဆုံကင်းကျေးရွာ၊ လှန်လှိုင်လှကျေးရွာ၊ ရှာရှိန်းကျေးရွာ၊ ချယ်ရာကျေးရွာ၊ ဂျီလာကျေးရွာ၊ မြေနီကုန်း ကျေးရွာ၊ ကူကီးစံပြကျေးရွာ၊ ကူကီးရွာမကျေးရွာနှင့် ကုံကိုင်လုံရွာမကျေးရွာတို့ရှိ အိမ်ခြေ ၄၉၃ အိမ်တွင် ၆၀ ဝပ် ၄၉၃ စုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် လမ်းမီးတိုင်တို့ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွင်းဆင်းကြီးကြပ်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းကို ကမ္ဘာ့ဘဏ်မှ ၆၀ ရာခိုင်နှုန်း၊ ကျေးလက်ဦးစီးဌာနမှ ၃၀ ရာခိုင်နှုန်းနှင့် ပြည်သူမှ ၁၀ ရာခိုင်နှုန်း ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ထံမှ သိရသည်။
ဇော်မင်းဌေး