လေရှီး ၂၆ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၌ Cash For Work အစီအစဉ်ဖြင့် စိုက်ပျိုးမြေရှင်းလင်းခြင်း၊ လမ်းသစ်ဖောက်ခြင်းနှင့် ရေမြောင်းတူးခြင်း လုပ်ငန်းများ ဆောင်ရွက်ဆောင်လျက်ရှိပါကြောင်း လေရှီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့က ပြောကြားသည်။

 

ဆက်လက်၍ Cash For Work စီမံကိန်းဖြင့် ကျေးရွာ ၁၃ ရွာဆောင်ရွက်မည်ဖြစ်ရာ အောင်ဇေယျ ကျေးရွာတွင် စိုက်ပျိုးမြေ ၅ ဧကရှင်းလင်းခြင်း၊ ငကျန်ကျေးရွာတွင် ကုန်ထုတ်လမ်းအရှည် ၃၃၀၀ ပေ ဖောက်လုပ်ခြင်း၊ ထဝိုင်ကျေးရွာတွင် ကုန်ထုတ်လမ်းအရှည်ပေ ၅၂၈၀ ပေ ဖောက်လုပ်ခြင်း၊ ဆုံကင်းကျေးရွာနှင့် ကူကီးရွာမကျေးရွာများတွင် ရေမြောင်းတူးဖော်ခြင်းနှင့် လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောကြားသည်။

 

အလားတူ ကျန်ရှိသည့် ကျေးရွာ ၈ ရွာမှာ ရော်ပါးမီကျေးရွာ၊ ကျဲကော့ကျေးရွာ၊ မွန်းကိုင်လင် ကျေးရွာ၊ အမိမီကျေးရွာ၊ မြေနီကုန်းကျေးရွာ၊ ဂျီချဲခါးကျေးရွာ၊ ဘုံဘားကျေးရွာနှင့် ဖွန်သရက်ကျေးရွာ တို့ကိုလည်း ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ် သိန်း ၁၀၀ ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာ (၁၃) ရွာမှ အိမ်ခြေ ၇၁၃ အိမ်၊ လူဦးရေ ၃၇၆၆ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း ဆက်လက် ပြောကြားသည်။

 

မွှေးကြူဇင်