ရန်ကုန် ၁၄ မေ 

 


ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘေးအန္တရာယ်ကင်းရှင်းစွာ လေယာဉ်ကို ထိန်းချုပ်ဆင်းသက်နိုင်ခဲ့သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာအမျိုးသား လေကြောင်းလိုင်းရုံးချုပ်၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

 

dipo

 


ထိုသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများက လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာကို ချီးကျူးဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။

 


"ကျွန်တော်က တပ်မတော်က ပေါက်ဖွားလာတဲ့ လေယာဉ်မှူးတစ်ယောက်ဖြစ်ပါတယ်။ တပ်မတော်က သင်ကြားပေးလိုက်တဲ့ အတတ်ပညာတွေနဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီးတော့ ဒီဖြစ်စဉ်မှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ်ပြုတဲ့အတွက် ကျွန်တော့်အနေနဲ့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဆက်လက်ပြီးတော့လည်း တိုင်းပြည်အတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားပါမယ်" ဟု လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောသည်။

 


မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် (XY-AGQ၊ Embraer 190) ခရီးသည်တင်လေယာဉ်၊ ခရီးစဉ်အမှတ် (ယူဘီ-၁၀၃)သည် လေယာဉ်အမှုထမ်း ခုနစ်ဦးနှင့် ခရီးသည် ၈၂ ဦးတို့ကို တင်ဆောင်လျက် မေ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှ မန္တလေးသို့ပျံသန်းလာရာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်းတွင် Nose Landing Gear ချမရဘဲဖြစ်ခဲ့ကြောင်း။

 


လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ချိန်တွင် Nose Landing Gear မကျသဖြင့် Emergency Procedure အသုံးပြု၍ ဘီးချခဲ့သော်လည်း မကျသဖြင့် Main Landing Gear နှစ်ခုဖြင့်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ဆုံးဖြတ်ချက်မှန်ကန်စွာ ဆင်းသက်နိုင်ခဲ့ခြင်းနှင့် ဘေးအန္တရာယ်မတော် တဆမှုအား ရင်ဆိုင်ကြုံတွေ့ချိန်တွင် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များအား ဦးဆောင်မှုမှန်ကန်စွာဖြင့် အခြေအနေကိုအကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ခြင်းတို့ကြောင့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လေယာဉ်ပျက်စီးဆုံးရှုံးမှု အနည်းငယ်ဖြင့် မြေပြင်သို့ အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ထိုသို့ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခြင်းနှင့် လေယာဉ်ပျက်စီးဆုံးရှုံးမှုအခြေအနေမှ ကာကွယ်နိုင်အောင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည့်အတွက် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


သတင်းနှင့် ဓာတ်ပုံ-ကိုထက်