လိပ်သို  ၂၂ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သစ်ခွတောင်ကျေးရွာ၌ ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုဖြင့် ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၏ ကြီးကြပ်မှု၊ ကျေးလက်နေပြည်သူများ၏ စုပေါင်းပါ၀င်မှုဖြင့်  ဆောင်ရွက်ခဲ့သော သစ်ခွတောင်ကျေးရွာတွင် လျှပ်စစ် မီးရရှိမှု ဖွင့်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေ၀င်းမြင့်၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ သံတောင်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးနေဇင်ထွန်း၊ လိပ်သိုမြို့ လျှပ်စစ်မှူး ဦးချစ်ကိုကိုနှင့် လိပ်သိုကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

လိပ်သိုနယ်မြေတွင် နိုင်ငံတော်မှ ကျေးရွာပေါင်း (၂၂) ရွာအား လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိပြီးဖြစ်သော်လည်း ယခုအခါ သစ်ခွတောင်ကျေးရွာမှာ စတုတ္ထမြောက် လျှပ်စစ်မီးရရှိ၍ ဖွင့်ပွဲပြုလုပ်နိုင်ခဲ့သော ကျေးရွာဖြစ်ကြောင်းနှင့်  နိုင်ငံတော်မှ   11 KV ဓာတ်အားလိုင်း၊  11/0.4 KV ၊ ၁၀၀  KV ထရန်စဖော်မာ (၁) လုံး ကုန်ကျငွေ ကျပ် သိန်း (၃၀၀) ပံ့ပိုးပေးခဲ့ပြီး  ၄၀၀ ဗို့အား ၀.၆ မိုင် ဓာတ်အားလိုင်း သွယ်တန်းခြင်းကို ကျေးရွာပြည်သူ ထည့်၀င်ငွေ ကျပ်သိန်း (၁၀၀) တို့ဖြင့် (၂၄) နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ ကြောင်း  လိပ်သိုမြို့ လျှပ်စစ်မှူး ဦးချစ်ကိုကို ထံမှ သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)