လိပ်သို ၇ စက်တင်ဘာ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ဒေသထွက်ကုန် ဖြစ်သည့် တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအဝယ် ဖြစ်လျက်ရှိနေသေးသောကြောင့် ကွမ်းစိုက်ပျိုးသူ ဒေသခံတောင်သူများက လိပ်သို- သံတောင်ကြီး- တောင်ငူ- ကျောင်းကုန်းကျေးရွာ လမ်းဆုံတွင် ကွမ်းကြမ်းများ လာရောက်ရောင်းချလျက်ရှိကြသည်။
အဆိုပါ ကွမ်းကြမ်းများကို ကွမ်းပွဲစားများမှ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်ဝယ်ယူကြပြီး တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်မြို့နယ်များသို့ ဆက်လက်ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသထွက်ကွမ်းကြမ်းများကို ကွမ်းပွဲစားများက ဈေးကွက်လိုအပ်ချက်ရှိချိန်တွင် ကွမ်းစိုက်ပျိုးသူ တောင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်၍ ဆွတ်ခူးစေပြီး လိပ်သိုမြို့တွင် အရောင်းအဝယ် ပြုလုပ်မည့်နေရာသို့ ချိန်းဆိုရောင်းဝယ် လျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသရှိ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ အီးအယ်၊ ဟယ်ဒိုး၊ မိုင်းလွန် စသည့် တောင်ပေါ်ဒေသ ကျေးရွာများမှ တောင်ပေါ်ဒေသထွက် ကွမ်းကြမ်းများသည် နွေရာသီကာလတွင် အထုပ် ၄၀ ပါရှိသော အချိန် ၁၀ လျှင် ကျပ် ၄၀ဝ၀ဝ အထိ ရရှိခဲ့သော်လည်း လက်ရှိမိုးရာသီကာလတွင် ကျပ် ၁၅၀ဝ၀ မှ ၂၀ဝ၀ဝ အထိသာ ရရှိလျက်ရှိကြောင်း ကွမ်းကြမ်းရောင်းဝယ်သူများထံမှ သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


