လိပ်သို ၄ သြဂုတ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိရာ ဒေသခံပြည်သူများမှ မိမိ နာမည်ပါဝင်ခြင်း ရှိ/မရှိ သွားရောက်ကြည့်ရှုရန် ယမန်နေ့ မွန်းလွဲပိုင်းက အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ် ကျော်နှင့် ဝန်ထမ်းများက မဲဆန္ဒရှင် စာရင်းတွင် မိမိအမည် ပါဝင်မှု ရှိ/မရှိ စစ်ဆေးရန်၊ အချက်အလက်များ မှန်ကန်မှုရှိမရှိ စသည့် အချက်အလက်များကို စစ်ဆေးခြင်းနှင့် မှန်ကန်မှုမရှိပါက သတ်မှတ်ပုံစံများအတိုင်း သက်ဆိုင်ရာ မြို့နယ်ကော်မရှင်က သတ်မှတ်ထားသည့် ရက်ထက် နောက်မကျဘဲ တင်သွင်းရန်၊ သတ်မှတ်ရက်ထက် နောက်ကျ တင်သွင်းလာသော တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများကို နည်းဥပဒေ (၁၄-က) ပါပြဋ္ဌာန်းချက်မှတစ်ပါး လက်ခံမည် မဟုတ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများကို အမြန်ဆုံး သွားရောက်ကြည့်ရှုကြရန်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)