လှိုင်းဘွဲ  ၂၃ ဇွန်   

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကမော့ကချူး ကျေးရွာအုပ်စု၊ ကော့ဝန်းကျေးရွာ၌ လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ရန်ပုံငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာဘက်စုံသုံး ခန်းမဆောင်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမဆောင်ရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၊ ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်ဆန်းဌေး၊  မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့် နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဘက်စုံသုံးခန်းမဆောင်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ ထို့နောက် ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးကြသည်။

အဆိုပါ ကျေးရွာဘက်စုံသုံး ခန်းမဆောင်မှာ အလျား ၅၀ ပေ အနံ ၃၀ ပေ အမြင့် ၁၅ ပေ ဖြစ်ပြီး စီမံကိန်းပံ့ပိုးငွေကျပ် (၁၇၁) သိန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၀၂) သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် ၂၀၁၉ခုနှစ် မတ်လ ၁၀ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)