လှိုင်းဘွဲ ၁ စက်တင်ဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် (MCCT)ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက MCCT ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးစောချစ်ခင်က လှိုင်းဘွဲမြို့နယ်အတွင်းရှိ တတိယအကြိမ်နှင့်စတုတ္ထအကြိမ် MCCT အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင်(၁၈၄၇၁)ဦး၊ ကလေး(၅၃၃၆)ဦး အတွက် ထောက်ပံ့ငွေကျပ် ၁၀၇၁၃၁၅၀၀၀ ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းထံ သို့လည်းကောင်း၊ ပိုင်ကျုံမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၅၅၆၀)၊ကလေး(၁၆၁၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၃၂၂၇၄၀၀၀၀)ကို မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင် ထံသို့လည်းကောင်း၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၈၂၅)ဦး၊ကလေး(၅၉၅)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၀၈၉၀၀၀၀၀) ကို မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် ထံသို့လည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦးနှင့် ဒေါ်နန်းမိုးမိုးထွေးတို့က ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များထံသို့ ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများထံသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


