လှိုင်းဘွဲ၊ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်ဆည် ရေလှောင်တမံမှ တူးမြောင်းအလျား ၃၃၀၀၀ ပေ(၆ ဒသမ ၂၅ မိုင်)၊ အောက်ခြေအကျယ် (၅ ဒသမ ၅ ပေ)၊ ရေထုစီးနှုန်း (၇၂)ကုဗပေ/စက္ကန့်ဖြင့် အကျိုးပြုစိုက်ဧက (၁၅၀၀)အတွက် ဆည်ရေများကို ပေးဝေလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရေဘုတ်ဆည်မှ ဆည်ရေများကို မြို့နယ်အတွင်း၌ မိုးရာသီတွင် စိုက်ပျိုးကြသော မိုးစပါးနှင့် အခြားစားဖိုဆောင် သီးနှံများအတွက် စိုက်ပျိုးရေမှာ အဓိကမကျခဲ့သော်လည်း ဆောင်းသီးနှံနှင့် နွေသီးနှံအတွက် ဆည်ရေက အဓိကဖြစ်လာကြကြောင်း၊ နိုင်ငံတော်အစိုးရမှ နွေစပါးစိုက်ပျိုးစေလိုသည့် စေတနာကို သိရှိကြောင်း၊ နွေစပါးနှင့် ရေကျနောက်စိုက်စပါးခင်းများကို တောင်သူများကလည်း ကြိုးစားပြီး စိုက်ပျိုးလျက်ရှိကြကြောင်း၊ ဓာတ်မြေသြဇာစျေး မြင့်သည့်အတွက် မိမိတို့တောင်သူများအနေဖြင့် သဘာဝနွားချေးနှင့် မြေဆွေး၊ မြေကျက်မြေသြဇာကို ပိုမိုအသုံးပြုလာရကြောင်း၊ မိမိတို့နဲ့ စားသုံးသူတွေအတွက်လည်း အန္တရာယ်ကင်းသည်ဟု ယုံကြည်ပါကြောင်း တောင်သူများက ရှင်းပြသည်။
ဘိုးဘွား၊ မိဘလက်ထက်က မြေယာရှိ၍ မိမိတို့က စိုက်ပျိုးလိုလျှင် ရေတွင်း (သို့မဟုတ်) စက်ရေတွင်းရေဖြင့် စိုက်ပျိုးနိုင်မှသာ သီးနှံများရမည်ဖြစ်ကြောင်း၊ ရေဘုတ်ဆည်မှပေးဝေသည့် ဆည်တူးမြောင်းနဘေး ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် တောင်သူများအနေဖြင့် စိုက်ပျိုးမြေရှိသည့်အပြင် စိုက်ပျိုးရေကိုပါ ရရှိသည့်အတွက် မိမိတို့၏အိမ်ခြံဝန်းထဲ၌ မီးဖိုချောင်သီးနှံအဖြင့် ဘူး၊ ခရမ်း၊ ငရုတ်၊ ကန်ဇွန်း၊ ပဲတောင့်၊ ချဉ်ပေါင်၊ ရုံးပတီ၊ မုံညင်း၊ ရွှေဖရုံ၊ ပဲမျိုးစုံနှင့် မုံလာဥ၊ ငရုတ်သီး စသည့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုး၊ ရောင်းချနိုင်ကြသည့်အတွက် အိမ်စားစရိတ်သက်သာကြောင်း၊ ပိုလျှံသီးနှံများကိုလည်း အလှူပေးနိုင်ကြကြောင်း၊ ဆည်ရေအသုံးပြု၍ စိုက်ပျိုးနေကြသော်လည်း ဆည်ရေအဖိုးအခကို ပေးဆောင်ရန်မလိုကြောင်း၊ မိမိတို့စိုက်ချင်သည့် စိုက်ခင်းဧရိယာနှင့် ရေလိုအပ်မှုအတွက် ရေသွင်းစနစ်များကို ဆည်/မြောင်းဌာနမှ ပညာရှင်များက နည်းစနစ်များကို အကြံပြုဝေမျှပေးကြကြောင်း စားဖိုဆောင် ဟင်းသီး၊ ဟင်းရွက်စိုက်ပျိုးနေကြသည့် တောင်သူများက ပြောဆိုရှင်းပြခဲ့သည်။
လင်းသန့်(ပြန်/ဆက်)


