လှိုင်းဘွဲ ၁၇ ဩဂုတ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် တတိယအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၈၅ အုပ်စုရှိ အိမ်ထောင်စုပေါင်း ၁၄၄၄၀ တို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၂၈၈၈၀၀၀၀ ကျပ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စုများအတွက် မဟာသင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန်(၅)မျိုးကို ဧပြီလ (၁၀) ရက်နေ့မှစတင်၍ လည်းကောင်း၊ ဒုတိယအကြိမ်ထောက်ပံ့ငွေကို ဇူလိုင်(၂၈)ရက်နေ့တွင် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုထောက်ပံ့ပေးခြင်းသည် တတိယအကြိမ်မြောက် ထပ်မံထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)