လှိုင်းဘွဲ ၁၈ စက်တင်ဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့သော စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက်၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၄၁)အုပ်စုရှိ အိမ်ထောင်စုပေါင်း (၁၁၁၈၇)စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၂၃၇၄၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စုများအတွက် မဟာသင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန် (၅)မျိုးကို ဧပြီလ(၁၀)ရက်နေ့မှ စတင်၍ လည်းကောင်း၊ ဒုတိယအကြိမ်ထောက်ပံ့ငွေကို ဇူလိုင်(၂၈)ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်ထောက်ပံ့ငွေကို ဩဂုတ်(၁၈)ရက်နေ့တွင်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုထောက်ပံ့ပေးခြင်းသည် စတုတ္ထအကြိမ်မြောက် ထပ်မံထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


