လှိုင်းဘွဲ   ဇန်နဝါရီ   ၁၁

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာရှိ တောင်သူများမှာ ရေဘုတ်ဆည်မှ ဆည်ရေကို အသုံးပြု၍ နွေစပါးအဖြစ် ဆင်းသုခစပါးမျိုးကို ပျိုးထောင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

 

ရေဘုတ်ရေလှောင်တမံဆည်မှ  တူးမြောင်းအလျား ပေ ၃၃၀၀၀ (၆ ဒဿမ ၂၅ မိုင်)၊ အောက်ခြေအကျယ် ၅ ဒဿမ ၅ ပေ၊ ရေထုစီးနှုန်း ၇၂ ကုဗပေ/စက္ကန့်ဖြင့် အကျိုးပြုစိုက် ဧက ၁၅၀၀ အတွက် ဆည်ရေများကို ပေးဝေလျက်ရှိသည်။

 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စံပြစိုက်ကွက်အနေဖြင့် ဆင်းသုခမျိုးစပါးကို မျိုးစေ့ချ ကိရိယာဖြင့် ၁၀ ဧက၊ ပျိုးနုတ်ကောက်စိုက် ၅ ဧကကို စိုက်ပျိုးခဲ့ပြီး သမ္ဘာန်၊ ထီလုံ၊ သပုတို၊ နောင်သငဲ့ စသည့်ကျေးရွာများရှိ တောင်သူများက နွေစပါးစိုက်ဧက ၅၀ ကျော်၊ ဟင်းသီးဟင်းရွက်နှင့် ပဲမျိုးစုံ စိုက်ခင်း စုစုပေါင်းစိုက်ဧက ၁၂၉ ဧကကို ရေဘုတ်ဆည်မှ ဆည်ရေဖြင့် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။

 

လှိုင်းဘွဲမြို့နယ်၌ ရေဘုတ်ဆည်၊ စိန်ပန်းမြိုင်ဆည်၊ သဘာဝရေဝင်နှင့် ရေဝေရေလဲ ဧရိယာရှိ လယ်မြေများတွင် ဒေသနေတောင်သူများက နွေစပါး စုစုပေါင်း ဧက ၁၉၂၉၀ ကို နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက ရှင်းပြသည်။

 

လင်းသန့်(ပြန်/ဆက်)