လှိုင်းဘွဲ    ၈  ဇူလိုင်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးဇော်ညွှန့်က ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ စိစစ်ခြင်းနှင့် အဖွဲ့ဝင်များအားလုံး စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ကြစေရေးနှင့် မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဒေါ်အိသဉ္ဇာအောင်က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံစေရေး အမည်ထပ်စာရင်းများ၊ ပြောင်းရွှေ့ခြင်း၊ ကွယ်လွန်ခြင်းနှင့် နိုဝင်ဘာ ၈ ရက်အထိ အသက်(၁၈)နှစ် ပြည့်ပြီးသူများ စာရင်းအား ပြန်လည်စိစစ်ခြင်းများအား စိစစ်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက  မဲဆန္ဒရှင်များတွင် နိုင်ငံသားစိစစ်ရေး အမှတ်များ ပြည့်စုံစွာဖြည့်သွင်းနိုင်ရေး၊ မဲစာရင်းများအား သတ်မှတ်ရက်အတွင်း ကြေညာပေးနိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)