လွိုင်ကော်  ၁၆  မေ 

 

ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့ကို ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ စည်ပင်သာယာရေးနှင့် သန့်ရှင်းသပ်ရပ်သည့် မြို့တော်အဖြစ် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကို ယနေ့ညနေ ၃ နာရီက လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ကယားပြည်နယ်အနေဖြင့် စည်ပင်သာယာရေး ကဏ္ဍနှင့်ပတ်သက်၍ နာမည်ကောင်း ဂုဏ်သတင်းကောင်းများ ရရှိနေပါကြောင်း၊ အမှိုက်များကင်းစင်ပြီး သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသည့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ စည်ပင်သာယာရေးကဏ္ဍနှင့် စပ်လျဉ်း၍ ပိုမို သန့်ရှင်းသာယာလှပပြီး စနစ်ကျအောင် ဆောင်ရွက်နိုင်ရန် အခက်အခဲများရှိပါက တင်ပြပေးရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ တင်ပြရန်ရှိက တင်ပြပေးရန်ဖြစ်ကြောင်း၊ စည်ပင် ကော်မတီများအနေနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ရှိသည်များကို တင်ပြပေးရန်ဖြစ်ကြောင်း၊ တင်ပြရာတွင်လည်း အပြန်အလှန် လေးစားမှုဖြင့် အပြုသဘော တင်ပြပေးကြရန်ဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေနှင့် မိမိတို့အမြင်များ တင်ပြပေးကြရန်ဖြစ်ပြီး မိမိတို့ အစိုးရ (၃) နှစ်တာကာလအတွင်း ဆောင်ရွက်ပေးခဲ့သည်များရှိသလို ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြပေးရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

 

ထို့နောက် ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကဏ္ဍတစ်ခုချင်းအလိုက် ဖော်ဆောင်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

အဆိုပါတွေ့ဆုံ ပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ လွိုင်ကော်ခရိုင် အုပ်ချုပ်ရေးမှူး၊ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရပ်ကွက် (၁၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

လွိုင်ကော်သား

 

12.jpg