နေပြည်တော်၊ ဒီဇင်ဘာ ၁၀ 

 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ   သီရိမင်္ဂလာဈေးအတွင်းသို့  ယနေ့နံနက်ပိုင်းတွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ လွိုင်ကော်မြို့ရှိ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းမှုနှင့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများက သီရိမင်္ဂလာဈေးအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ တပ်မတော် အနေဖြင့် ပြည်သူလူထုနေထိုင်ရာ နေရာများသို့ မည်သည့်အခါမျှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်သောင်းကျန်းသူများရန်မှ အစဉ်တစိုက် ကာကွယ်ပေးလျက် ရှိသည်။

 

အကြမ်းဖက် သောင်းကျန်းသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိပြီး ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိဖြင့် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအား မီးလောင်ပျက်စီးစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်၊ ဒေသခံပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့်တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး ဆောင်ရွက်နေမှုကို ထိခိုက်စေရန်အတွက် တပ်မတော်မှပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းမှားများကို ဖန်တီးရေးသား ဖြန့်ဝေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn