လွိုင်ကော် ၃၁ ဩဂုတ်
လွိုင်ကော်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်လင်းထွန်း အနီးကပ်ကွပ်ကဲလျက် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်မှုခင်းအကူတပ်ဖွဲ့မှ ရဲအုပ်ငြိမ်းဇော်မင်း၊ ဒုရဲအုပ်ချစ်ဆွေ၊ ခရိုင်မှုခင်းနှိမ်နှင်းရေးမှ ဒုရဲအုပ်ရန်အောင်တို့ ပူးပေါင်းအဖွဲ့သည် နယ်မြေသတင်းရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်တွင် နေထိုင်သူ မြင့်ဦး (ခ) ကတုံးသည် ရပ်ရွာအတွင်း၌ ဆိုင်ကယ်ခိုးမှုများအား ကျူးလွန်နိုင်ဖွယ်ရှိကြောင်း စုံစမ်းသိရှိရသဖြင့် ဇူလိုင် ၇ ရက် ညနေ ၅ နာရီခွဲခန့်က သွားရောက်ဖမ်းဆီး၍ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၇၉) ဖြင့် ချုပ်မိန့်တောင်းခံပြီး စစ်ကြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ နမ့်ကွတ်ရပ်ကွက်နေ ငဖြိုး (ခ) စုတ်ဖွား၊ မင်းစုရပ်ကွက်နေ ငြိမ်းချမ်းအောင် (ခ) ဂဏန်း၊ ဒေါနိုးကူးရပ်ကွက်နေ လေးဖြူတို့က ဆိုင်ကယ်ခိုးမှုများနှင့် လုယက်မှုများ ကျူးလွန်တတ်ကြောင်း သိရှိရသဖြင့် ဩဂုတ် ၂၀ ရက် ည ၇ နာရီခွဲခန့်တွင် ဖမ်းဆီးရမိသဖြင့် လွိုင်ကော်မြို့မရဲစခန်းမှ (ပ)၂၅၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၇၉) ဆိုင်ကယ်အမှုဖြင့် မသင်္ကာတရားခံများအဖြစ် ချုပ်မိန့်တောင်းခံ၍ စစ်ဆေးခဲ့ရာ ငြိမ်းချမ်းအောင် (ခ) ဂဏန်း၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ နမ့်ကွတ်ရပ်ကွက်နေ ကျော်နေဝင်း၊ မင်းစုရပ်ကွက်နေ မောင်ထွေးလေး (ဖမ်းမမိသေး) နမ့်ကွတ်ရပ်ကွက်နေ မျိုးသက်ခိုင် (ဖမ်းမမိသေး)၊ ဒေါနိုးကူးရပ်ကွက်နေ ဝေလွင်ခွန်း (ဖမ်းမမိသေး) တို့သည် ခိုးမှု၊ လုယက်မှုများတွင် ပါဝင်ကြောင်း သိရှိရသဖြင့် ဩဂုတ် ၂၃ ရက်တွင် နမ့်ကွတ်ရပ်ကွက်နေ ကျော်နေဝင်းအား ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မသင်္ကာတရားခံ (၅)ဦးအား စစ်ဆေးဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် ဆိုင်ကယ် (၉)စီးနှင့် ဖုန်း(၂)လုံး ခိုးယူလုယက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဆိုင်ကယ်(၉)စီးနှင့် ဖုန်း(၂)လုံးတို့အား ဒုရဲအုပ်ခင်မြင့်မှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ခိုးယူမှု၊ လုယက်မှုများမှ တရားခံများအား လွိုင်ကော်မြို့မရဲစခန်းမှ နောက်ထပ်ခိုးမှု၊ လုယက်မှုများ ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ကျူးလွန်ခဲ့သည့်အမှုများမှ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ အမှုမှတိမ်းရှောင်နေသည့် ဝေလွင်ခွန်း၊ မျိုးသက်ခိုင်နှင့် မောင်ထွေးလေးတို့အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သိရှိရသည်။
ကိုစိုင်း (လွိုင်ကော်)


