လိုင်လင်းပီ ၊ ၂  ဒီဇင်ဘာ  

 

ချင်းပြည်နယ် မတူပီခရိုင် လိုင်လင်းပီမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းလျာထားချက်များကို  မြို့စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိမှ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့စည်ပင် သာယာရေးကော်မတီများ  ပူးပေါင်း၍ ဒီဇင်ဘာ  ၁  ရက်က ကွင်းဆင်းတိုင်းတာခဲ့ကြသည်။

 

“အခု ကွင်းဆင်းတိုင်းတာတာတွေတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အထိ (၃)နှစ်တာကာလအတွင်း ငွေလုံးငွေရင်းရန်ပုံငွေနှင့် ဆောင်ရွက်မယ့်လုပ်ငန်းတွေကို မြေပြင် ကွင်းဆင်း တိုင်းတာတာဖြစ်တယ်” ဟု မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သန်းက ပြောသည်။

 

အဆိုပါ (၃)နှစ်တာကာလအတွင်း ငွေလုံးငွေရင်းရန်ပုံငွေများဖြင့်ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက် များတွင် မြို့တွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ လမ်းတာချဲ့ခြင်း(လမ်းသစ်ဖောက်လုပ်ခြင်း)၊ ကျောက်ချော လမ်းခင်းခြင်း၊ အိမ်ကြားလမ်းများ သွားလာရေးလွယ်ကူစေရန်အတွက် လှေကားထစ်လမ်း တည်ဆောက်ခြင်း၊ လမ်းမီးတပ်ဆင်ခြင်း၊  ရေမြောင်းဖောက်လုပ်ခြင်း၊ မြေထိန်းနံရံ တည်ဆောင်ခြင်း၊ ရေသွယ်ယူခြင်း၊ မြို့တွင်းရေဖြန့်ဝေရေးအတွက် ရေပိုက်ဝယ်ယူခြင်း၊ ရေစုကန်နှင့် ရေပြွန် တည်ဆောက်ခြင်း၊ လမ်းဆုံမီးပွင့်(အဝိုင်း)တည်ဆောက်ခြင်း၊ ရှုခင်းသာ(View Point)တည်ဆောက်ခြင်း၊ ပန်းခြံတည်ဆောက်ခြင်း၊ ကားကြီးကွင်းတည်ဆောက်ခြင်းလုပ်ငန်း၊ စည်ပင်စျေးတည်ဆောက်ခြင်း လုပ်ငန်းနှင့် စည်ပင်ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း အပါအဝင် စုစုပေါင်းလုပ်ငန်း အမျိုးအစား(၁၇)မျိုးရှိကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ  သိရသည်။

 

ယာကမ်(ပြန်/ဆက်)