လိုင်လင်းပီ ၂၃ ဇူလိုင်
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့ရှိ ဒေသခံပြည်သူများနှင့် အဆိုပါဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မီးဖိုချောင်သုံး ကုန်စိမ်းများဖြစ်သည့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝံလံများနှင့် အခြားစားသောက်ဖွယ်ရာများကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် မရာအမျိုးသမီးအဖွဲ့မှ ကြီးမှူး၍ လိုင်လင်းပီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မာမီဈေး(Mamih Bazar)၌ ယနေ့မှ၍ စတင်ဖွင့်လှစ် ရောင်းချပေးလျက်ရှိသည်။
“ပွင့်လင်းရာသီဆိုရင် အောက်ပြည်ကနေ လာရောင်းတဲ့ ကုန်စိမ်းတွေ ဥပမာ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းဂေါ်ဖီ၊ မုန်လာထုပ်တို့ပေါ့ အဲဒါတွေရောက်လာလို့ အဆင်ပြေပေမယ့် မိုးရာသီမှာတော့ ဟင်းချက်စရာတွေ ရှားလာတယ် အခုလို တစ်နေရာတည်းနဲ့ ဒေသထွက်ကုန်စိမ်းတွေဖြစ်တဲ့ အသီးအရွက်လေးတွေကို လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ဈေးလေးရှိလာပြီဆိုတော့ ဒီကဝန်ထမ်းတွေအတွက် သာမဟုတ်ဘဲ အခြားသူတွေများစွာ အတွက်ပါ အဆင်ပြေတယ်” ဟု အဆိုပါမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
လိုင်လင်းပီမြို့တွင် စည်ပင်ဈေးတည်ဆောက်နိုင်မှု မရှိသေး၍ ဒေသခံပြည်သူများနှင့် အထူးသဖြင့် အဆိုပါမြို့တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဟင်းသီးဟင်းရွက်များနှင့် အခြားစားသောက်ကုန်များ ဝယ်ယူရန်ရှားပါးလျက်ရှိပြီး ပွင့်လင်းရာသီ လမ်းကောင်းသည့်အချိန်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့မှ ကုန်စိမ်းများ လာရောက် တင်ပို့ရောင်းချမှုများရှိသော်လည်း မိုးတွင်းရာသီ၌ ကားများမဝင်ရောက်လာနိုင်တော့သဖြင့် ကုန်စိမ်းရှားပါးမှုများဖြစ်ပေါ်လျက်ရှိရာ ယခုလို ဈေးရှိလာခြင်းကြောင့် ဒေသထွက်ကုန်များ အလွယ်တကူဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး ဒေသခံတောင်သူများ အနေဖြင့်လည်း မိမိတို့ခြံထွက် ကုန်စိမ်းများ အတည်တကျရောင်းချနိုင်တော့မည်ဖြစ်၍ အပိုဝင်ငွေအတွက် အခွင့်အလမ်း ရရှိလာမည်ဖြစ်သည်။
အဆိုပါဈေးကို နေ့စဉ် နံနက်(၆)နာရီမှ (၈)နာရီနှင့် ညနေ (၃)နာရီမှ (၆)ထိရောင်းချပေးသွားကြမည်ဖြစ်ကြောင်းနှင့် လိုင်လင်းပီမြို့နှင့် အနီးအနားရှိ ကျေးရွာများမှ တောင်သူများ လာရောက်ရောင်းချနေကြကြောင်း သိရသည်။
လိုင်လင်းပီ (ပြန်/ဆက်)


