လိုင်လင်းပီ    ၂၆   ဩဂုတ် 


ချင်းပြည်နယ် လိုင်လင်းပီမြို့၌ ယာယီအိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးခြင်းနှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်နိုင်အတွက် လူဦးရေစာရင်း ကောက်ယူခြင်းကို ယနေ့ နံနက် ၉ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။


“မတူပီမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှာ အိမ်ထောင်စုစာရင်း မပေါက်သေးတဲ့ နိုင်ငံ့ဝန်ထမ်း မိသားစုတွေ၊ တခြားဒေသကနေ ပြောင်းလာတဲ့ မိသားစုတွေနှင့်  အသက် (၁၈)နှစ်ပြည့်လို့ မှတ်ပုံတင် မလုပ်ရသေးတဲ့ သူတွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင် ဒီမှာပဲ အလွယ်တကူ မဲပေးလို့ရအောင်လို့ လျှောက်လွှာမှာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ လက်ဗွေတွေ ဖြည့်ခိုင်းပြီး စာရင်းသွင်းပေးတယ်၊ လျှောက်လွှာတွေကို ဒီလကုန်အရောက် ပြန်ပို့ရမှာ”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

 

အဆိုပါ လျှောက်လွှာများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုယ်တိုင် မတူပီမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ယူခဲ့ကြခြင်းဖြစ်ပြီး ယခုလ မကုန်ခင် မတူပီမြို့နယ်သို့ ပြန်လည်ပေးပို့ရမည် ဖြစ်သည့်အတွက် အမြန်ဆုံး ဆောင်ရွက်ပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။


လိုင်လင်းပီ(ပြန်/ဆက်)