ရန်ကုန် မတ် ၂၂
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်အဝင်လမ်းထိပ်သို့ သွားရောက်၍ ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်း ရေစီးရေလာအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်သို့သွားရောက်၍ ပင်မလေးထပ်ဆောင်ရှေ့ အရှည် ၆၆၅ ပေ၊ အကျယ်ပေ ၁၁၀ ၊ အနက် ၈ ပေရှိ ရေကန်တူးဖော်ပြီးစီးမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ရေကန်ပတ်လည် စိမ်းလန်း စိုပြည်စေရေး ပန်းအလှပင်များနှင့် ယိုးဒယားဘဲစားမြက်များ စိုက်ပျိုးထားရှိမှု၊ ရေကန်အတွင်း ရေဖြည့်သွင်းပြီး လျှပ်စစ်ဓာတ်အား ၄၆ ကီလိုဝပ်ထုတ်လုပ်နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေး စနစ်ဖြင့် အလှဆင်ရေ ပန်းသုံးခုမောင်းနှင်နေမှု၊ ရေကန်ပတ်လည်မြေထိန်းနံရံတည်ဆောက်ပြီးစီးမှု၊ ကန်ပေါင်တွင် လူသွားလမ်းဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဝင်းအတွင် ရေဝပ်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ မြေယာရှုခင်းလုပ်ငန်းများအချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)