ရန်ကုန်၊ ဒီဇင်ဘာ  ၂၅

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ‌ရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက် ရန်ကုန် - ညောင်တုန်းလမ်းနှင့် ရန်ကုန် - ပုသိမ် လမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံ ဧရိယာအတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုနှင့် ရန်ကုန် -ပုသိမ်လမ်းဘေး ရေစုကန် ရေမြောင်းမြောက်ဘက်ခြမ်း ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်-ညောင်တုန်း လမ်းမကြီး ထပ်မံတိုးချဲ့နိုင်ရန် ပန်းခြံနှင့် လမ်းမကြီးအကြား အုတ်ရေမြောင်းပြုလုပ်၍ မြေညှိပြုပြင်ရန် မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ၅ ရပ်ကွက်ရှိ ဧရာဝတီပတ်လမ်း ကွန်ကရိခင်းလုပ်ငန်း ပြီးစီးမှုနှင့် လမ်းတစ်လျှောက် သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းပုခုံးသားများ မြေညှိပြုပြင်ရန်မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဘုရင့်နောင်တံတားအောက်သို့ သွားရောက်၍ ပန်းခြံ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ယိုးဒယားဘဲစား မြက်ခင်းနှင့် ခရေပင်များ စိုက်ပျိုးနေမှု၊ ပန်းခြံပတ်လမ်းများ ဖောက်လုပ်ရန် ကွန်ကရိလမ်းနှင့် Interlock လမ်းများ ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘုရင့်နောင်တံတားအောက် ပန်းခြံဘေး ဆိပ်ကမ်းသာလမ်းရှိ လှိုင်မြစ်အတွင်း သို့စီးဝင်သည့် ညောင်ချောင်းရေတံခါးနှင့် ရှမ်းချောင်းရေတံခါး ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ အများပြည်သူ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရန် တံတားအောက် မြေလွတ်နေရာတွင် အားကစားကွင်းများ လုပ်ဆောင်ပေးရန်နှင့် ပန်းခြံမြေယာ ရှုခင်းအလှပေါ်လွင်စေရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်သည်။

 

သတင်းစဉ်

 

mdn