ရန်ကုန်   ဖေဖော်ဝါရီ   ၁၉

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ သမိုင်းချောင်းရေစီးရေလာအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ညောင်တုန်းကားလမ်း တွင်အရှည်ပေ ၂၅၀၀ ၊ အောက်ခြေအကျယ် ၆ ပေ၊ အနက် ၅ ပေခွဲ အပေါ်ဝ အကျယ် ၈ ပေရှိ ဇလားပုံ သဏ္ဌာန် အုတ်ရေနုတ်မြောင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်- ပုသိမ် လမ်းဘေးတွင်  အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှု၊ မြေပြုပြင်ဆောင်ရွက်ထားရှိ မှု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဘုရင့်နောင်တိုးချဲ့ပန်းခြံအတွင်း ကွန်ကရစ်ခင်းကျင်းနေမှုနှင့် ရန်ကုန်ပုသိမ်လမ်းဘေး ရေစုကန် ရေမြောင်းအား ဘုရင့်နောင်လမ်းမှ သောင်ကြားချောင်းအထိ အရှည်ပေ ၁၄၂၀ ၊ အပေါ်မျက်နှာပြင် ၁၆ပေ၊ အောက်ခြေ ၁၀ ပေ၊ အနက် ၆ ပေရှိ ဇလားပုံသဏ္ဌာန်ရေမြောင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်များနှင့်အညီ ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)