နေပြည်တော် ဇန်နဝါရီ ၅
လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant - CPA) (ပထမပိုင်း) အမှတ်စဉ်- ၄၆ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော် က စာရင်းပညာရှင်များ အရေအတွက်သာမက အရည်အသွေး တိုးတက်စေရန်နှင့် စာရင်းပညာရပ်များကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ သို့ပါ၍ CPA သင်ရိုးညွှန်းတမ်းများကို မြန်မာနိုင်ငံ စာရင်းကောင်စီမှ ပြည်ပနိုင်ငံများ၏ စာရင်းပညာသင်ကြားမှု အဆင့်အတန်းနှင့်အညီ အဆင့်မြှင့်တင်ဆောင် ရွက်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် Mutual Recognition Agreement (MRA) အရ ယခုအချိန်တွင် မြန်မာစာရင်း ပညာရှင်များအား အာဆီယံ လက်မှတ်ရစာရင်း ပညာရှင်များ (ACPA) အဖြစ် ပေါ်ထွက်လာပြီဖြစ်ပါကြောင်း။
သို့ပါ၍ ဤသင်တန်းသို့ တက်ရောက်ခွင့်ရသည့် သင်တန်းသားများအနေဖြင့် မိမိတို့ရရှိထားသည့် အခွင့်အလမ်းများကို အပြည့်အဝရရှိနိုင်ရန် သင်တန်းကာလအတွင်း သင်ကြားပေးသည့် ဘာသာရပ်များကို လုံ့လဝီရိယ စိုက်ထုတ်၍ လေ့လာသင်ယူကြရန်၊ သင်တန်းစည်းကမ်း၊ စာမေးပွဲ စည်းကမ်းများကို တိတိကျကျ လိုက်နာပြီး နိုင်ငံတော်၏ အနာဂတ်ဖွံဖြိုးတိုးတက်ရေး၊ စာရင်းပညာ အနာဂတ် ဖွံဖြိုးတိုးတက်ရေးတို့တွင် ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံတော်အတွက် အားထားရသော ပထမအဆင့် စာရင်းပညာရှင်များ ဖြစ်အောင်ကြိုးပမ်းကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
လက်မှတ်ရပြည်သူ့စာရင်းကိုင် (CPA) (ပထမပိုင်း) သင်တန်းအမှတ်စဉ်- ၄၆ တွင် ဤရုံးမှ သင်တန်းသား ၅၁ ဦးနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်းမှ သင်တန်းသား ၉၄ ဦး တို့ကို သင်တန်းခန်းတက်ရောက် (Face to Face) ပို့ချခြင်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ (MAC)၊ ရန်ကုန်သင်တန်းကျောင်းမှ သင်တန်းသား ၂၀ ကို Online ဖြင့်လည်း ကောင်း စုစုပေါင်း ၁၆၅ ဦးကို သင်ကြားပို့ချမည်ဖြစ်ပြီး ဘာသာရပ် များအနေဖြင့် Module 1 တွင် ဘာသာရပ်(၃)ခု၊ Module 2 တွင် ဘာသာရပ်(၃)ခု စုစုပေါင်းဘာသာရပ်(၆)ခု တို့ကို ဇန်နဝါရီ ၅ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ (၁၁) လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ် ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သော အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်း (Grade-1) အမှတ်စဉ် -၂၃၃ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ယနေ့ပြီးမြောက်သော Grade-1 သင်တန်းသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား (၁၂၅) ဦး တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်