လက်ပံတန်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် မြန်မာ့မီးရထား တိုင်းအမှတ်(၆) လက်ပံတန်းမှ သာရဝေါသို့ လော်ကယ်ရထားလိုင်း ဖွင့်လှစ်ပြေးဆွဲခြင်းကို သာရဝေါဘူတာ၌ ယနေ့နံနက် ၆ နာရီက ကျင်းပခဲ့သည်။
သာရဝေါဘူတာမှ လက်ပံတန်းဘူတာသို့ ထွက်ခွာမည့် စက်ခေါင်းအမှတ် DF-1631 တွဲဆိုင်းအား တိုင်းအမှတ်(၆)- (ရန်ကုန်) တိုင်းတာဝန်ခံ ဦးယဉ်မင်းဦးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး နံနက် ၆ နာရီခွဲတွင် စတင်ထွက်ခွာခဲ့ရာ လက်ပံတန်းဘူတာသို့ နံနက် ၈ နာရီတွင် ဆိုက်ရောက်ကြောင်း၊ လက်ပံတန်းဘူတာမှ မြန်မာ့မီးရထား အောက်မြန်မာပြည်(ရန်ကုန်) အထွေထွေမန်နေဂျာ ဦးနေမျိုးအေးနှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းဘူတာ အထူးတန်းရုံပိုင်ကြီး ဦးရဲမင်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ပံတန်း-သာရဝေါ လော်ကယ်ရထားခရီးစဉ်ကို စက်တင်ဘာ ၁၆ ရက်မှစတင်၍ တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များ၌ (သာရဝေါဘူတာမှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာ၍ လက်ပံတန်းဘူတာသို့ နံနက် ၈ နာရီခွဲတွင် ရောက်ရှိမည့် အမှတ်(၁၉၆)အစုန်ခရီးစဉ်နှင့် လက်ပံတန်းဘူတာမှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာပြီး သာရဝေါဘူတာသို့ ညနေ ၅ နာရီတွင် ရောက်ရှိမည့် အမှတ်(၁၉၅) အဆန်ခရီးစဉ်) လမ်းခရီးတွင် ညောင်ဝိုင်း၊ ကျောက်အိုင်၊ စည်ပင်သာယာ၊ ခမုံဆိပ်၊ မြစ်မခ၊ သံဖြူရုံ၊ ကညင်တို၊ ဇီးဖြူကုန်း၊ ဇီးဖြူကုန်းရွာမ (၉)ဘူတာ ထွက်ခွာပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား လက်ပံတန်းဘူတာ ရုံပိုင်ကြီးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)