လက်ပံတန်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သိုက်ဝါးချောင်းကျေးရွာအုပ်စု၊ လွှစင်ကုန်းကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက လွှစင်ကုန်းကျေးရွာ လျှပ်စစ်ထရန်စဖော်မာရှေ့တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ အတွင်းရေးမှုး ရဲမှူးတင်ဦး၊ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးအောင်နှင့် ကျေးရွာတာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ် လျှပ်စစ်မန်နေဂျာက လျှပ်စစ်ဓာတ်အားလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မီးရရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးညွန့်သန်းက ကျေးဇူးတင်စကား ပြောကြားသည်။
လက်ပံတန်းမြို့နယ် လွှစင်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးကို နိုင်ငံတော်မှ 11KV 400w ထရန်စဖော်မာ ထောက်ပံ့ပေးခဲ့ပြီး ဓာတ်အားလိုင်းဖြင့် ကျေးရွာရှိ အိမ်ခြေ ၁၀၀ အား မီတာ တပ်ဆင်နိုင်ရန် ငွေကျပ် ၁၆၄ သိန်းဖြင့် ဆောင်ရွက်ထားရှိကြောင်း ကျေးရွာမီးလင်းရေးကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)