လက်ပံတန်း  ၄  ဇွန်


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇၆ လုံး အမိုးလန်ပျက်စီးပြီး နေအိမ် ၁၄ လုံး ပြိုလဲပျက်စီးခဲ့ရာ အဆိုပါနေအိမ်များမှ ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီက ပေးအပ်ခဲ့သည်။


မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည့် ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြိုလဲနေအိမ် ၁၄ လုံးနှင့် အမိုးလန်နေအိမ် ၇၆ လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၃၈၈၀ဝ၀ဝ၊ ပြိုလဲအိမ်ထောင်စု ၁၄ စုရှိ လူဦးရေ ၅၇ ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၁၁၉၇၀ဝ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၃၉၉၉၇၀ဝ နှင့် ထောက်ပံ့ပစ္စည်း ၁၅ မျိုးပါ ပုံး ၁၄ ပုံးကို ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာက လေဘေးသင့် အိမ်ထောင်စုများကိုယ်စား အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းကျော်သူ ထံသို့ ပေးအပ်ခဲ့သည်။


ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ က လက်ပံတန်းမြို့နယ်တွင် လေပြင်း(၆)ကြိမ် တိုက်ခတ်ခဲ့မှုကြောင့် နေအိမ် ၃၀၂ လုံး အမိုးလန်ပျက်စီးပြီး နေအိမ် ၆၄လုံး ပြိုလဲပျက်စီးခဲ့မှုအား ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငါးကြိမ်မြောက် လာရောက် ထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဝင့်နန္ဒာဌေး