သပိတ်ကျင်း ၁၆ ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ မန္တလေး-မိုးကုတ် ကားလမ်းတွင် လမ်းမြေတိုးချဲ့ရန် တောင်နံရံအား ဖြိုချရာမှ ထွက်ရှိလာသောမြေစာတွင် ရွှေပါသည့် သတင်းကြောင့် ဩဂုတ် ၁၅ ရက် ည ၈ နာရီခွဲက ဒေသခံများမှ မြေစာများအား လာရောက်တူးယူခဲ့ကြောင်း သိရသည်။

 

ချောင်းကြီးကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် (၆၄/၃) နှင့် (၆၄/၄)အကြား (၃)ထပ်ကွေ့၌ ဆုထူးပန်ကုမ္ပဏီမှ လမ်းတိုးချဲ့ပြုပြင်မှု ဆောင်ရွက်လျက်ရှိရာ တောင်နံရံအား ဘက်ဟိုးယာဉ်ဖြင့် ဖြိုချခဲ့သည့် မြေစာများမှ ရွှေပါသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အနီးပတ်ဝန်းကျင်နှင့် ဒေသခံကျေးရွာသူ/ ကျေးရွာသား ၁၀၀၀ ခန့်တို့မှ မြေစာများအား လာရောက်တူးယူခဲ့ကြသည်။

 

အဆိုပါနေရာသို့ သပိတ်ကျင်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်ဌေးနှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မလိုလာအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပွားရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့နှင့်အတူ ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး ည ၁၂ နာရီတွင် မြေစာလာရောက်တူးကြသော ကျေးရွာသူ/ကျေးရွာသားအချို့ အဆိုပါနေရာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြကာ လူဦးရေ ၃၀၀ ခန့်သာ ကျန်ရှိခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများမှ မြေစာတူးဖော်သူများအား ဆက်လက်မဆောင်ရွက်ကြရန် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုးနိုင်ဝင်း (သပိတ်ကျင်း ပြန်/ဆက်)