လင်းခေး ဇန်နဝါရီ ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့အဝင် တောင်ပေါ်ရှုခင်းသာနေရာသစ် တည်ဆောက်နေမှုအား တာဝန်ရှိသူတို့က ယနေ့နံနက် ၁၁ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ရှုခင်းသာနေရာသစ်အား ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုနှင့် ကိုယ့်အားကိုယ်ကိုး အစီအစဉ်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး လင်းခေးမြို့နယ်အတွင်းသို့ ဝင်ရောက်သွားလာကြသည့် ခရီးသွားပြည်သူများအနေဖြင့် (ခေတ္တအနားယူအပန်းဖြေရင်း) မြို့၏ သဘာဝအလှရှုခင်းကို ကြည့်ရှုခံစားနိုင်စေရန် ရည်ရွယ်လျက် အကောင်အထည်ဖော် တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

 

လက်ရှိတည်ဆောက်ဆဲ အခြေအနေအရ၊ ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၃၀)ရှိပြီး တည်ဆောက်ပြီးစီးသွားပါက ဒေသနေပြည်သူတို့သာမက ခရီးသွားများအတွက် ခေတ္တအနားယူ အပန်းဖြေနိုင်စရာ မြို့အဝင်ရှုခင်းသာနေရာတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။

 

ရှုခင်းသာနေရာသစ် တည်ဆောက်လျက်ရှိသည့် နေရာသည် (နမ့်စန်-မိုးနဲ-လင်းခေး) သွားလမ်း မိုင်တိုင်အမှတ် (၄၉/၂)နေရာတွင် တည်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လင်းခေးတပ်နယ်မှ တပ်နယ်မှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကာ တာဝန်ယူ တည်ဆောက်လျက်ရှိသူများအား လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)