လွိုင်ကော် ၈ အောက်တိုဘာ
ကယားပြည်နယ် လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာရှိ တောင်သူများသည် ကျေးရွာထိပ်ရှိ ရေထွက်ပေါက်ကို အမှီပြု၍ တစ်နှစ်ပတ်လုံး ရာသီသီးနှံများကို စိုက်ပျိုးကြပြီး ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ဖရုံ၊ ခရမ်းချဉ်သီး၊ ပဲ၊ ကြက်သွန် အစရှိသည့် ဟင်းသီးဟင်းရွက် သီးနှံများကို စိုက်ပျိုး လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းသော်လည်း ကိုဗစ်-၁၉ ကြောင့် ကုန်စျေးနှုန်းများ ကျဆင်း၍ တောင်သူများအနေဖြင့် အခက်ကြုံခဲ့ရသည်။
ထွက်ရှိလာသည့် သီးနှံများကို စျေးနှုန်းမတည်မငြိမ်ဖြစ်ပြီး ပွဲစားများက မ၀ယ်ကြကြောင်း၊ လင်ဖုံလေး ကျေးရွာတွင် အပေါ်ရွာ အောက်ရွာပေါင်း အိမ်ခြေ (၃၀၀)ကျော်ရှိပြီး တစ်၀က်လောက်က လက်လုပ် လက်စား များကြောင်း တောင်သူ ဦးခွန်မောင်သန်းက ပြောသည်။
နေ့စား လုပ်ကိုင်နေသည့် ဒေါ်နန်းညွန့်ရင်က မိသားစု (၈)ယောက်ရှိပြီး ကိုဗစ်-၁၉ ကာလတွင် လက်စားများ သိပ်မခေါ်ကြတာကြောင့် အလုပ်အကိုင် ရှားပါးလားပြီး မိသားစု၀မ်းရေးအတွက် အခက်ကြုံနေရကြောင်း” ပြောကြားခဲ့သည်။
လင်ဖုံလေးကျေးရွာမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်သီးနှံများကို လွိုင်ကော်မြို့တွင် အဓိက တင်ပို့ လျက်ရှိပြီး ပိုလျှံသည်များကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့သို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


