ရန်ကုန် ၆ နိုဝင်ဘာ  

လှည်းကူးမြို့နယ်၊ ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ဖွင့်ပွဲ၊ စာဘူးတောင်းကျေးရွာ- ရွာလယ်လမ်းမကြီး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ထန်းတပင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးသစ် အဆောက်အအုံဖွင့်ပွဲများကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တံတားကြီးက အဓိကကျကြောင်း ပြောကြားပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (ကိုယ်စား) စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီး ဦးညွန့်ရွှေက အမှာစကား ပြောကြားသည်။ ယင်းနောက် လှည်းကူးမြို့နယ်၊ ဒါးပိန်ကျေးရွာနှင့် ကဝမြို့နယ် သပြုကျေးရွာတို့မှ ဒေသခံတစ်ဦးစီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ကျောက်စာကို ရန်ကုန်တိုင်းဒေသကြီး ဘက်အခြမ်း၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီးဘက်အခြမ်း၌ ဝန်ကြီးဦးညွန့်ရွှေတို့က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး တံတားပေါ်မှဖြတ်သန်းကြည့်ရှုသည်။

အဆိုပါတံတားသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့၌ စတင်ခဲ့ပြီး အရှည် ပေ ၁၀၅၀၊ ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေ ၃ လက်မ စီပါဝင်သည့် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သည်။ စီမံကိန်းတန်ဖိုးမှာ ၅၈၀၀ သန်းဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ရန်ကုန်တိုင်းဒေသကြီး ဆားတလင်း-ဒါးပိန်- ကျွဲကူးဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီး သပြု -ရှမ်းကံ - ကဝလမ်းအား ဆက်သွယ်သည့် တံတားအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၁၀)မှ တာဝန်ယူ တည်ဆောက်ခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် လှည်းကူးမြို့နယ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တံတားအထူးအဖွဲ့ (၁၀ ) မှ တာဝန်ယူတည်ဆောက်သည့် ဂျုံးဂျုံးကျ -ဘိုရင်ကလေးနှင့် ဘိုရင်ကလေး -ကင်ပွန်းခြုံ  ကျေးရွာချင်းဆက် ငမိုးရိပ်ချောင်းကူးတံတားနှစ်စင်း တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် တံတားများနှင့်ဆက်စပ်နေသည့် ကျေးရွာချင်းဆက် မြေသားလမ်းများအား ကွန်ကရစ်လမ်းခင်းသည့် အခြေအနေများကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များက ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရဘဏ္ဏာငွေ ၃၈၉ ဒသမ ၄၈၀ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် အရှည် ပေ ၉၈၀၀ ၊ အကျယ် ၁၂ ပေရှိ လှည်းကူးမြို့နယ်၊ စာဘူးတောင်း ရွာလယ်လမ်းမကြီး ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ ကဗ္ပည်းကျောက်စာမော်ကွန်းကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး  ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉ - ၂၀၂၀  ဘဏ္ဏာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ၆၈ သန်းဖြင့်တည်ဆောက်ခဲ့သည့် ထန်းတပင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးသစ် RC တစ်ထပ်အဆောက်အအုံအား ဖဲကြိုးဖြတ်၍  မြို့နယ်ဦးစီးမှူး
ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ကာ ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားပြီး ရုံးသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန် / ဆက် )