လှည်းကူး ၂၁ သြဂုတ်
လှည်းကူးတွင် တည်ဆောက်ထားသော နိုင်ငံတကာအဆင့်မီစစ်ဆေးနိုင်သည့် ရော်ဘာဓာတ်ခွဲခန်းမှ ထောက်ခံ ချက်များ ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။
“ကျွန်တော်တို့ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးဖို့က နောက် လေးငါးလလောက် ကြာအုံးမယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ISO Process တွေကို လိုက်နာရအုံးမယ်။ ဘာလို့ဆို ဒီဓာတ်ခွဲခန်းပဲ ငါတို့နဲ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ထူထောင်ထားတဲ့ ဓာတ်ခွဲခန်း၊ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုပြီး မရဘူး။ International Rubber Association (IRA)ရဲ့ ကြီးကြပ်မှုနဲ့ ISO 17025 ရဲ့ စံချိန်စံညွှန်းနဲ့အညီ ဆက်ပြီးတော့ Rum ရအုံးမယ်”ဟု ဦးခိုင်မြင့်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံမှတင်ပို့နေသော ရော်ဘာကုန်ကြမ်းများသည် နိုင်ငံတကာ စံချိန်စံညွှန်းမမှီဟုဆိုကာ နိုင်ငံတကာပေါက်ဈေးထက် စျေးလျှော့ရောင်းနေရကြောင်း၊ သို့ဖြစ်၍ နိုင်ငံတကာပေါက်ဈေးအတိုင်း ရရှိရန် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိသေးတယ်။ တချို့ အယူလွဲနေတာက ဓာတ်ခွဲခန်း ကြီးက ထောက်ခံချက်ပေးလို့ရပြီ။ ဒီဓာတ်ခွဲခန်းကြီးက ထောက်ခံချက်ပေးလိုက်လို့ရှိရင် နိုင်ငံတကာပေါက်ဈေးကို တန်းရမယ်ဆိုတဲ့ဟာ အဲဒါတွေကလည်း လွဲမှားနေတဲ့ အတွေးအခေါ်တစ်ခုပေါ့၊ ဓာတ်ခွဲခန်းက စစ်တဲ့ စံချိန်စံညွှန်း မှန်ပေမယ့်လည်း ထုတ်လုက်တဲ့ပစ္စည်း ညံ့နေလို့ရှိရင် စံချိန်မမီတဲ့ အဖြေဘဲ ထွက်လာမှာပေါ့။ အဲဒီတော့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ မီအောင်လို့ TSR စက်ရုံတွေက ကြိုးစားရအုံးမယ်” ဟု ဦးခိုင်မြင့်က ပြောသည်။
ဆက်လက်၍ ဦးခိုင်မြင့်က “ရှင်းရှင်းပြောရရင် ရှေးအဆက်ဆက်က လုပ်လာခဲ့တဲ့ ဓာတ်ခွဲခန်းပို့တဲ့ Simple လောက်ပဲ Quality မီတဲ့ Simple တွေပို့ပြီးတော့ အဲဒီ Certificate နဲ့ စံချိန်စံညွှန်းမမီတဲ့ ပစ္စည်းတွေ နိုင်ငံခြားပို့ရင် ဒီစျေးရမယ်ဆိုတဲ့ အတွေးမျိုးတော့ မဖြစ်နိုင်ဘူး လွဲတာပေါ့။ ကိုယ့်ပစ္စည်းကလည်း ၁၀၀ ရာခိုင်နှုန်း ဒီတိုင်း ဖြစ်ရမယ်။ ဓာတ်ခွဲခန်းကလည်း နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ညီ မညီ စစ်လိုက်လို့ ညီတယ်ဆိုတဲ့ ထောက်ခံချက် ပါတာနဲ့ နိုင်ငံတကာကုန်သည်ကြီးတွေ နိုင်ငံတကာ တာယာစက်ရုံကြီးတွေက ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူလို့ ရသွားပြီပေါ့နော်။ အဲဒီတော့ IRA ရဲ့ အသိအမှတ်ပြုရတဲ့ ဓာတ်ခွဲခန်းကနေ ထုတ်ပေးတဲ့အဖြေကို အဲဒီနိုင်ငံတကာ ကုန်သည်ကြီးတွေ နိုင်ငံတကာတာယာစက်ရုံကြီးတွေက ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူတာပေါ့နော်၊ ဒီစံချိန်စံညွှန်း မှန်ကန်တယ်၊ ဒီစံချိန်စံညွှန်းအတိုင်း ဖြစ်တယ်ဆိုတာ အဲဒီလိုဖြစ်အောင် ကျွန်တော်တို့ တိုင်းပြည်က ထုတ်လုပ်တဲ့အထိကို ဒီမှာ ဆက်ကြိုးစားရအုံးမယ်”ဟု ပြောသည်။
လက်ရှိ မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း (MNRQTL)ကို လှည်းကူးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့နိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း တို့အကြား နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုး၍ တည်ထောင်ထားသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာတွင်လည်း မလေးရှား ရော်ဘာဘုတ်အဖွဲ့ (MRB) မှ ဓာတ်ခွဲခန်းအား Audit လာရောက် စစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အသင်းဝင်ဓာတ်ခွဲခန်းများ၏ သဘာဝရော်ဘာ အရည်အသွေးစမ်းသပ်ခြင်း အရည်အချင်းစစ်ဆေးမှုအစီအစဉ်များ (Round Robin Test (or) Proficiency Test) ပါဝင်ဖြေဆိုခဲ့ရာ PT Series (၄)ကြိမ်ဆက်တိုက် အောင်မြင်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း (International Rubber Association - IRA) အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်း တစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ရော်ဘာ စိုက်ဧက ၁၆ သိန်း ကျော်ရှိပြီး လက်ရှိတွင် အစေးလှီးနိုင်သော ရော်ဘာစိုက်ဧက ရှစ်သိန်းကျော်ရှိကာ တစ်နှစ်လျှင် ပြည်ပသို့ ရော်ဘာကုန်ကြမ်းများ တရားဝင် တင်ပို့မှုမှ တန်ချိန် နှစ်သိန်းကျော်ရှိကြောင်း သိရသည်။
ငြိမ်းငြိမ်း