နေပြည်တော်၊ ဇွန်  ၁၃  

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၃) နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နံနက် ၉ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌   ကိုဗစ်-၁၉  ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံတော်နှင့် ပြည်သူ့ကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်တတ်သည့် ဝန်ထမ်းကောင်းများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခုသင်တန်းများအား ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ လျှပ်စစ်လုပ်ငန်းများ၌ IT နည်းပညာများ ဖြစ်သည့် Internet Of Things (IOT), Artifical Intelligence (AI), Digital Substation နည်းပညာများကို အသုံးပြု၍ ကုန်ကျစရိတ်နှင့်   ပြုပြင်ရနည်းပါးစွာဖြင့် ထိရောက်သည့် စွမ်းဆောင်ရည်များ ရရှိနိုင်မည့် AIS, GIS, Mixed Technology Switchgear (MTS), Unmanned ဓာတ်အားပေးစက်ရုံ၊ ပင်မဓာတ်အားခွဲရုံ ဒီဇိုင်းများ ရေးဆွဲတတ်စေရန် လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် brainstorming techniques ဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းစီမံခန့်ခွဲရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter, Server, Data Base နှင့် ဆက်သွယ်ရေးနည်းပညာ ပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အားကွပ်ကဲ/ ထိန်းသိမ်းမောင်းနှင်သည့်စနစ် လုပ်ဆောင်မှုများ ပါဝင်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချချက်များ၊ အပြန်အလှန် ဆွေးနွေးခြင်းမှရရှိသည့် အသိပညာများ၊ အချင်းချင်းဖလှယ်လို့ရသည့် အတွေ့အကြုံများအရ လုပ်ငန်းတာဝန်များကို တက်ကြွစွာ ဆောင်ရွက်ကြပြီး မိမိတို့ဝန်ကြီးဌာန၏ မူဝါဒများ၊ ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာကောင်းများအဖြစ် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်အတွက် စိတ်ကောင်းစေတနာ အပြည့်ဖြင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းများ၌ စာတွေ့/ လက်တွေ့ဖြင့် သင်တန်းသား (၅၀) ကို ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်