နေပြည်တော်၊ နိုဝင်ဘာ ၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက် ၉ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေး သင်တန်းကျောင်း (ပေါင်းလောင်း) ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်း၏ရည်ရွယ်ချက်အနေဖြင့် နိုင်ငံ့ဝန်ထမ်း တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်၊ အသုံးချရမည့် နည်းပညာရပ်၊ လုပ်ဆောင်ရမည့် နည်းလမ်း၊ ရေအား လျှပ်စစ်လုပ်ငန်းများနှင့် သက်ဆိုင်သော ဗဟုသုတ၊ စာတွေ့/ လက်တွေ့အတွေ့အကြုံ လုပ်ငန်းသဘောတရားများကို နားလည်စေနိုင်ရန်နှင့် ဌာန၏ဆောင်ရွက်နေသော လုပ်ငန်းတာဝန်နှင့် သိကောင်းစရာများ၊ ရေအားလျှပ်စစ် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင် စနစ်တကျဖြစ်စေရန်၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့် ငွေစာရင်းပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ရေအားလျှပ်စစ် စီမံကိန်းကြီးများနှင့် ဌာနခွဲများအတွက် အသုံးပြုရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ ပြည်ပမှတင်သွင်းခြင်း၊ ရှင်းလင်းရွေးယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းထုတ်ပေးခြင်း၊ စနစ်တကျရေးသွင်းခြင်း၊ မှတ်တမ်းတင်ခြင်းစသည့် သင်ခန်းစာများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းကို သင်တန်းသား (၂၇)ဦး ဖြင့် စာတွေ့လက်တွေ့ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်