နေပြည်တော် ဖေဖော်ဝါရီ ၂၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ဥပဒေသဘောတရားများ သိရှိနားလည်ပြီး၊ ဥပဒေအားလေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ လုပ်ငန်းအလိုက် ချမှတ်ပြဌာန်းထားသည့် ဥပဒေအသိပညာများကိုလည်း သိရှိရန်လိုအပ်သလို သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင်လည်း လက်တွေ့ သိရှိလိုက်နာကျင့်သုံးနိုင်ခြင်းဖြင့် ပေးအပ်သောတာဝန်များကို နည်းလမ်းမှန်ကန်စွာ စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်သည့် အရည်အသွေးများ ရရှိလာနိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ “ဥပဒေကိုမသိ၍ ပြစ်မှုကျူးလွန်ခဲ့သည်” ဆိုသော အဖြစ်မျိုးမဖြစ်စေရေးအတွက် နိုင်ငံသားတိုင်း ဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတရှိစေရန် လိုအပ်သည့်အတွက် အခြေခံအားဖြင့် သိသင့်သိထိုက်သောဥပဒေများ၏ သတ်မှတ်ပြဌာန်းချက်များကို မှတ်သားသိရှိနေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတွင် လျှပ်စစ်ဥပဒေအပါအဝင်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မိမိတို့ဝန်ကြီးဌာနလုပ်ငန်းများနှင့် ဆက်နွယ်နေသော မြေယာဆိုင်ရာဥပဒေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ မူဝါဒနှင့် မဟာဗျူဟာများနှင့် ဥပဒေမူကြမ်းရေးဆွဲခြင်းစသည်တို့ အပါအဝင် ဘာသာရပ် (၁၁) မျိုးကို အသိပညပြန့်ပွားစေရေး သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/ ၂၀၂၅) ကို ဖေဖော်ဝါရီ ၂၄ ရက် မှ မတ် ၇ ရက်ထိ သင်တန်းသား (၂၅) ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်