နေပြည်တော် ဇွန် ၁၄
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဆွေး နွေးတင်ပြမည့်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့၀န်ကြီးဌာနသည် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမြဲမပြတ်တွက် ချက်သုံးသပ်ပြီး ရေတို၊ ရေရှည် စီမံချက်များနှင့်အတူ ဖြစ်နိုင်သော နည်းလမ်းပေါင်းများစွာနှင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြသူများမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုနယ်ပယ်အတွင်း တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ခေတ်မီဓာတ်အားခ ကောက်ခံမှုစနစ်များစသည်တို့နှင့်ပတ်သက်သည့် တင်ပြချက်များကို ဆွေးနွေးတင်ပြသွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသော ဌာနအကြီးအမှူးများ၊ Moderator များအဖြစ် ဆောင်ရွက်ပေးကြမည့် အဆင့်မြင့်အရာရှိကြီးများနှင့် တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးတင်ပြသူများ၏ တင်ပြချက်များ အပေါ် သုံးသပ်အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ဖြင့် ပံ့ပိုးဆောင်ရွက် ပေးကြခြင်းသည် အနှစ်သာရပြည့်ဝပြီး ရည်ရွယ်ချက်အထမြောက်၍ ရလဒ်ကောင်းများ ထွက်ပေါ်လာ စေမည်ဖြစ်သည့်အတွက် ဆွေးနွေးမှုများအပေါ် အကျိုးရှိစွာ ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ရေးနှင့်ပတ်သက်သည့် ဆွေးနွေးတင်ပြချက် (၁၄) စောင်ကို ဖတ်ကြားတင်ပြခြင်း၊ ဖတ်ကြားတင်ပြမှုအပေါ် ဆွေးနွေးမေးမြန်းခြင်းနှင့် အကဲဖြတ်သုံးသပ် တင်ပြခြင်းတို့ကို ဆောင်ရွက်ကြကာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြသူများကို ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


