၄ ဇူလိုင်


လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ ကုမ္ပဏီများ လာရောက်ဆွေးနွေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။


ထိုသို့ လာရောက်ဆွေးနွေးထားသည့် နိုင်ငံများမှာ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ထိုင်းနှင့် အင်္ဂလန်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။


"လျှပ်စစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ လွန်ခဲ့တဲ့ မီးပျက်နေတဲ့ကာလတွေမှာ တောက်လျှောက် လာထားတာတွေ ရှိပါတယ်၊ ခုနပြောသလို ကုမ္ပဏီပေါင်းမြောက်များစွာ ဒီဂျပန်ဆိုရင် ကုမ္ပဏီသုံးခုလောက် ပေါင်းပြီး လုပ်မယ်ဆိုတဲ့ပုံစံမျိုး၊ ဂျပန်ကတော့ ဒီရန်ကုန်မှာ မီးအားပေးဖို့လို့၊ နောက်တစ်ခါ ကိုရီးယားဆိုလို့ရှိရင်လည်း ဒီရန်ကုန်မှာ လျှပ်စစ်ပေးဖို့လို့၊ နောက်တစ်ခါ တရုတ်ဆိုရင် နှစ်နေရာ သုံးနေရာလောက် ပေးဖို့ရှိပါတယ်၊ ထို့အတူဘဲ ထိုင်းကလည်း လာသေးတယ်၊ ထိုင်းက PTTEP တို့လည်း သူတို့လာပါတယ်၊ ထိုင်းကတော့ ဆိုလာနဲ့ ပေးဖို့လို့ဖြစ်ပါတယ်၊ တရုတ်နိုင်ငံကလည်း ဆွေးနွေးထားတာရှိပါတယ်၊ သူကတော့ ရေအားလျှပ်စစ်ပေါ့" ဟု  ဦးသန့်စင်လွင် က ပြောသည်။


ထိုသို့ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးသည့် နိုင်ငံတကာ ကုမ္ပဏီများအနက် အချို့ကုမ္ပဏီများမှာ မြန်မာနိုင်ငံ၌ ကောက်ခံသည့် လျှပ်စစ်နှုန်းထားသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အဆင်မပြေဟု ပြောကြားခဲ့ကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။


"ကုမ္ပဏီ နှစ်ခုသုံးခုလောက်ကတော့ ပြောပါတယ်၊ မီတာခက သိပ်မကိုက်ဘူးပေါ့၊ လက်ရှိမြန်မာနိုင်ငံမှာက တွက်ချက်ကြည့်တော့ သိပ်မကိုက်ဘူး ပြောပါတယ်၊ အခုဆိုရင်တော့ သတင်းထဲမှာထုတ်ပြန်တဲ့အတိုင်း ပိုပြီးတော့ သူတို့အတွက် အခွင့်အလမ်းတွေ ပိုလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဦးသန့်စင်လွင် က ပြောသည်။


အဆိုပါ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ ကုမ္ပဏီများမှ လာရောက်ဆွေးနွေးမှုများ လုပ်ဆောင်နေပြီး လျှပ်စစ်နှုန်းထားခသည် တစ်ယူနှစ်လျှင် ၁၁၀ ဝန်းကျင်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားထားသည်။


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း  လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ယခုလ ၁ ရက်နေ့မှစ၍ တိုးမြှင့် ပြင်ဆင်သတ်မှတ်ကာ ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။


လက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ လျှပ်စစ်ကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအခြေအနေမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်အထိ အမေရိကန်ဒေါ်လာ ၃၁၅၉ ဒသမ ၇၄၁ သန်း ရှိကြောင်း သိရသည်။ 


Nyein Nyein