ပဲခူး ၂၄ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဩဂုတ် ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲက လျှပ်စစ်မီးလင်းရေးအတွက် အလှူငွေပေးအပ်ခြင်းနှင့် ပြည်မြို့ အမှတ်(၃) သမဝါယမလီမိတက်မှ ပြန်လည်စွန့်လွှတ်သည့် သိမ်းဆည်းမြေ ၂၀၅ ဒသမ ၃၀ ဧကအနက် ၈၃ ဒသမ ၇၇ ဧကအား မူလတောင်သူ(၄)ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ယာယီပုံစံ(၃) ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး သဲကုန်းမြို့နယ် ညောင်ဝင်း-လက်ပံပင်လေးကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ရန်ပုံငွေကျပ်သိန်း (၅၅၀) အား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ကျေးရွာမီးလင်းရေးကော်မတီ တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက အုပ်ဖိုကျေးရွာအုပ်စုမှ မူလတောင်သူများထံသို့ လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမြင့်ဦး၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်တို့က ဆောက်ခြုံကြီးကျေးရွာအုပ်စုမှ မူလတောင်သူများထံသို့ လည်းကောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ယာယီပုံစံ(၃)များ ပေးအပ်ခဲ့ကြပြီး တောင်သူတစ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုပ်ဖိုကျေးရွာအုပ်စု၊ အောင်ကုန်းကျေးရွာနေ ဦးမြရွှေနှင့် ဦးဖြူကြီးတို့အား ပုံစံ(၁)တိုင်ကြားစာနှင့်ပတ်သက်၍ ရှင်းလင်းပေးပြီး သဲကုန်းမြို့နယ် အခြေခံပညာကျောင်းအတွက် အားကစားပစ္စည်းကို မြို့နယ်ပညာရေးမှူး ဆရာကြီးဦးဌေးဝင်းထံသို့ လည်းကောင်း၊ COVID-19 အထောက်အကူပြု ကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ လက်သန့်ဆေးရည်းများနှင့် နှာခေါင်းစည်းများ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းထံသို့ လည်းကောင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုတီးကုန်းမြို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၃၅၉)သိန်းဖြင့် ဆောင်ရွက်နေသည့် လွတ်လပ်ရေးကျောက်တိုင်နှင့် ကျောက်တိုင်ကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ အာဇာနည်ကျောက်တိုင်နှင့် ကျောက်တိုင်ကွင်း အဆင့်မြှင့်တင် ဆောင်ရွက်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)