နေပြည်တော် ၁၈ မေ


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၁၇ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 
    

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်း စွမ်းအင်ဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရေနံလက်ယက်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရေနံလက်ယက်တွင်း လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တရားဝင်လုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်ဒေသအတွက် အကျိုးရှိသလို လုပ်ငန်းရှင်များအတွက်လည်း အကျိုးရှိမည်ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်အကျိုးရှိစေရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လက်ယက်တွင်းများမှထွက်ရှိသော ရေနံစိမ်းများကို ဒေသတွင်းမှာပင်စနစ်တကျ ချက်လုပ်နိုင်ရေးအတွက် အသေးစားရေနံချက်စက်ရုံများ တည်ဆောက်၍ လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရေး စီမံလျက်ရှိပါကြောင်း၊ အလားတူဒေသအတွင်း ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရေးတွင် ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် ကျေးရွာသုံးစက်သုံးဆီ အရောင်းဆိုင်များကိုလည်း လိုင်စင်ခွင့်ပြုထုတ်ပေးနိုင်ရေး စီမံလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မကြာမီကာလအတွင်း ရေနံနှင့်ရေနံထွက်ပစ္စည်းများ ကဏ္ဍတွင် တိုးတက်မှုများရှိလာမည် ဖြစ်ပါကြောင်း။

 

1


လျှပ်စစ်ကဏ္ဍတွင်လည်း မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်စေရန် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ စွမ်းအင်အရင်းအမြစ် အမျိုးမျိုးမှ ၇၄၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်စမှ မေလအထိ ၃၅၃ မဂ္ဂါဝပ်ရှိသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအသစ်များကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခင် အိမ်သုံးမီတာ တစ်မျိုးတစ်စားတည်းကိုသာ အသုံးပြုခဲ့ရာမှ ၂၀၁၈ ခုနှစ် ဧပြီလဆန်းမှစ၍ မီတာ(၄)မျိုးစနစ်ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။ 


လက်ရှိအခြေအနေတွင်လည်း ရာသီဥတုထူးခြားစွာ ပူပြင်းမှုများအရ လျှပ်စစ်မီးသုံးစွဲနိုင်မှုကို ကာမိစေရန် စီမံဆောင်ရွက်ခဲ့သော်လည်း အထက်ဖော်ပြပါအချက်များကြောင့် ယခင်မျှော်မှန်းသည်ထက် သုံးစွဲမှုပိုမိုများပြား လာသည့်အတွက် ၂၀၁၉ ခုနှစ် ဧပြီလအထိ တစ်နိုင်ငံလုံးတွင် ထပ်မံဓာတ်အားလိုအပ်ချက်မှာ ၄၀ဝ မဂ္ဂါဝပ်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ခန့်မှန်းတွက်ချက်မှုများအရ ၆၈၈ မဂ္ဂါဝပ် တိုးတက်သုံးစွဲလာမည့်အပြင် ယခုနှစ်သုံးစွဲမှုကဲ့သို့ တိုးတက်လာပါက ပြည်သူလူထုသုံးစွဲနိုင်ရန် အရန်ဓာတ်အားပမာဏ ၅၀ဝ မဂ္ဂါဝပ် ထားရှိရမည်ဖြစ်သည့်အတွက် ၂၀၂၀ ခုနှစ်တွင် စုစုပေါင်း ဓာတ်အားလိုအပ်ချက်မှာ ၁၅၈၈ မဂ္ဂါဝပ်ခန့် လိုအပ်လာမည်ဖြစ်သည့်အတွက်၊ ထုတ်လုပ်မှုအပိုင်းတွင်လည်း လိုအပ်ချက်ကို အချိန်တိုအတွင်းပြည့်မီစေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအပေါ် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ဌာနကြီးမှူးများက မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။
    

ထို့နောက် မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်မှ ကျေးလက်မီးလင်းရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 
    

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

1

    

မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မင်းဘူးမြို့၏ အနောက်တောင်ဘက် ၁၆ ဒသမ ၃ မိုင်ခန့်အကွာ မင်းဘူး-အမ်း ကားလမ်းဘေးတွင်တည်ရှိပြီး Green Earth Power (Myanmar) Co.,Ltd. မှ B.O.T စနစ်ဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ကာ စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ်ဖြင့်  စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ ပထမအဆင့်မှ တတိယ အဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ တည်ဆောက်သွားမည်ဖြစ်ပြီး စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ ယခု တည်ဆောက်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော် တည်ဆောက်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ ပထမအဆင့် ၄၀ မဂ္ဂါဝပ်စီမံကိန်းမှာ ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ မကြာမီကာလအတွင်းတွင် ၂၀ မဂ္ဂါဝပ် စတင်ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်

 

1