နေပြည်တော် ၂၆ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့မှ ရေမိုင် ၇ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ရန်ကုန်မှ သံတွဲသို့ ဘိလပ်မြေအိတ် ၂၅၀ဝဝ ခန့် တင်ဆောင်၍ ရေယာဉ်မှူး ဦးဆန်းမင်း မောင်းနှင်ပြီး သင်္ဘောသား ၁၉ ဦးခန့် လိုက်ပါလာသော အလျားပေ ၂၀ဝ ၊ အနံ ၃၈ ပေ၊ ရေစူး ၁၂ ပေခန့်ရှိ Forever Transportation ကုမ္ပဏီ၏ “MV ထာဝရအားမာန်” ကန်းရိုးတန်းသွား ကုန်တင် ရေယာဉ်သည် ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်က မိုးသက်လေပြင်း ကျရောက်မှုကြောင့် တိမ်းမှောက်နစ်မြုပ်သွားကြောင်း သိရသည်။
သတင်းအရ ဟိုင်းကြီးကျွန်းရေတပ်စခန်းမှ စစ်ရေယာဉ် အမှတ် F 12 “ကျန်စစ်သား” စစ်ရေယာဉ်မှ သွားရောက်ကယ်ဆယ်လျက်ရှိကြောင်းနှင့် အဆိုပါ ရေယာဉ်သည် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် သံတွဲမြို့ရှိ “သူဌေးချောင်း” ရေအားလျှပ်စစ် စီမံကိန်းအတွက် ဘိလပ်မြေများ ပို့ဆောင်ရန်အတွက် ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MDN


