နေပြည်တော် ဇွန် ၁၇

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ် ကမ္မမြို့နှင့် မြိုင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွားကားလမ်းတစ်လျှောက်တွင် ဖြတ်သန်းသွားလာသူများ ထိခိုက်၊ ပျက်စီး၊ သေဆုံးစေရန်၊ သွားလာရေးခက်ခဲစေရန် ယုတ်မာသောရည်ရွယ်ချက်ဖြင့် ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပီပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဆိုပါကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။

 

ဇွန် ၁၆ ရက်တွင် မြိုင်မြို့နယ် တွင်းမကျေးရွာအနီး ကားလမ်းဘေး ဝဲ/ ယာဘက်များ၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့ထောင်ထားသည့် ဆီပီပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ရှစ်လုံး၊ ပလတ်စတစ်ပုံးအဝါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းအသေး သုံးလုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ငါးလုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း လေးလုံး စုစုပေါင်းလက်လုပ်မိုင်းမျိုးစုံ အလုံး၂၀ တို့ကို တွေ့ရှိခဲ့ပြီး အဆိုပါမိုင်းများအား သက်မဲ့ပြုလုပ်ကာ စနစ်တကျဖယ်ရှား ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်