နေပြည်တော် ဒီဇင်ဘာ ၃၀

မြေဩဇာကော်မတီ၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေဩဇာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်း များအတွက် ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးနှင့် မိုးသီးနှံများတွင် လိုအပ်သည့် မြေဩဇာများကို ရာသီချိန်မီ ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်မြေဩဇာ အရည်အသွေး မှန်ကန်မှု ရှိ/မရှိ တိုင်းဒေသကြီး၊ ပြည်နယ် စစ်ဆေးရေးအဖွဲ့များက နမူနာရယူပြီး ကြိုတင်ဓာတ်ခွဲ စစ်ဆေးခဲ့သည့်နည်းတူ ယခု စီမံကိန်းပြင်ပ သီးနှံစိုက်ပျိုးခြင်းများအတွက် ဖြန့်ဖြူးမည့် ယူရီးယား၊ ကွန်ပေါင်းမြေဩဇာများကိုလည်း အရည်အသွေး မှန်ကန်မှု ရှိ/ မရှိ တိုင်းဒေသကြီး ပြည်နယ် စစ်ဆေးရေးမှူးက ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်ခွဲစစ်ဆေး မှုပမာဏကို တိုးမြှင့်သွားရန်လိုကြောင်း။

စောင့်ရှောက်ရမည်ဖြစ်

ဓာတ်မြေဩဇာ သုံးစွဲရာတွင် ထိရောက်မှုရှိစေရန်၊ အပင် ကျန်းမာရေးနှင့် မြေဆီလွှာ ကျန်းမာရေးကို စိုက်ပျိုးသူတောင်သူများ အထူးဂရုပြု စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဒေသန္တရမြေဆီလွှာ ကျန်းမာရေးမှသည် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သော အမျိုးသား အဆင့် မြေဆီလွှာကျန်းမာရေး စနစ်ကို ရှေးရှုဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားများ သိရှိဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

သီးနှံပေါ်မူတည်၍ သီးသန့် ပြုပြင်  ထုတ်လုပ်ထားသော မြေဩဇာ (Tailor-made Fertilizers or Customized Fertilizers) များကို ထုတ်လုပ် သုံးစွဲသင့်ပါကြောင်း၊ သီးသန့်ပြုပြင် ထုတ်လုပ်ထားသည့် မြေဩဇာ (Tailor-made Fertilizers) များသည် ပုံမှန်မြေဩဇာများနှင့် ကွာခြားသော အချက်များရှိပြီး သီးနှံအလိုက် လိုအပ်သည့် အာဟာဓာတ်များ ပေးနိုင်မှုကြောင့် Tailor-made Fertilizers များကို ထုတ်လုပ် သုံးစွဲသင့်ကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် မြေသြဇာလုပ်ငန်းနှင့် ပတ်သက်ပြီး  ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များကို ဝိုင်းဝန်း ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြေဩဇာ ကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ရမည့် လုပ်ငန်းများကို တင်ပြရာ မြေဩဇာကော်မတီ အဖွဲ့ဝင်များနှင့် မြေဩဇာကျွမ်းကျင် ပညာရှင်များက သက်ဆိုင်ရာကဏ္ဍ များမှ ဝိုင်းဝန်းစိစစ် ဆွေးနွေး ဆောင်ရွက်ကြသည်။

မြေဩဇာ ကော်မတီအနေဖြင့် တောင်သူများ အရည်အသွေး ပြည့်မီသည့် မြေဩဇာများကို အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်ကြ စေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေပြီး နိုင်ငံ၏ စားရေရိက္ခာ ဖူလုံပိုလျှံစေရန် အတွက် မြေဩဇာမှတ်ပုံတင်များကို စနစ်တကျ စိစစ်ထုတ်ပေး လျက်ရှိရာ မြေဩဇာကော်မတီ၏ (၄၅)ကြိမ်မြောက် အစည်းအဝေး အထိ မှတ်ပုံတင်လက်မှတ်ပေါင်း ၁၃၁၈၂ စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြချက်အရ ပယ်ဖျက်မှု ၂၃၀၇ စောင်နှင့် သက်တမ်းကျော်လွန်ခြင်းကြောင့် ဌာနက ဖျက်သိမ်းခဲ့ရသည့် မြေဩဇာမှတ်ပုံတင် ၂၉၂၉ စောင် ရှိသည့်အတွက် ယနေ့အထိ လုပ်ငန်းဆောင်ရွက်လျက်ရှိသော မှတ်ပုံတင် ၇၉၄၆ စောင်ရှိကြောင်း သိရသည်။

သတင်းစဉ်