မန္တလေး ၃၀ မေ

လုပ်ငန်းခွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျော့မှု စမ်းသပ်ခြင်း စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ထံမှ သိရသည်။

လုပ်ငန်းခွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျော့မှု စမ်းသပ်ခြင်း စီမံကိန်းကို ဇွန်လ ၁ ရက်မှ ဒီဇင်ဘာလအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစမ်းသပ်ခြင်းစနစ် စတင်ခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် မေ ၂၉ က ကျင်းပခဲ့သည်။

‘ပြည်ကြီးတံခွန်မြို့နယ်မှာ စမ်းသပ်စီမံကိန်းကို စတင်ဆောင်ရွက်တာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်ကို ထိရောက်မြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်ပါက လူမှုဖူလုံရေး စီမံကိန်းကို အလုပ်ရှင်၊ အလုပ်သမားတွေ ပိုမိုယုံကြည်အားကိုး လာမှာဖြစ်ပါတယ်’ဟု  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

လုပ်ငန်းခွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ် ဖြေလျော့မှု စနစ်ဆိုသည်မှာ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် လျှောက်ထားရာမှာ  ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များကို ဖြေလျော့ပေးခြင်းဖြစ်ပြီး  စီမံကိန်းကို နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းကာ လေ့လာစမ်းစစ်မှုများပြုလုပ်ပြီး စီမံကိန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေများ ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေကြောင်းသိရသည်။ လူမှုဖူလုံရေးဥပဒေနှင့် အကျုံးဝင်သည့် အလုပ်သမားသည် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်သို့ ထည့်ဝင်ကြေးပေးရုံဖြင့် ဆေးကုသမှု ခံယူခွင့်၊ ယာယီ မသန်းစွမ်းမှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်၊ အလုပ်ကို အကြောင်းပြုပြီး သေဆုံးမှုကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ဥပဒေပါပြဌာန်းချက်နှင့်အညီ ခံစားရမည်ဖြစ်ကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ထုတ်ပြန်ချက်များအရ  လုပ်ငန်းခွင် မတော်တဆဖြစ်မှုနှင့် လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့်ရောဂါများကြောင့် နှစ်စဉ် အလုပ်သမား ၂ ဒသမ ၇၈ သန်း သေဆုံးနေကြောင်း သိရသည်။

အိမို့မို့ခိုင်