မော်လမြိုင် ၁ ဇွန်
မွန်ပြည်နယ် MSME Agency နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော SIYB Myanmar အဖွဲ့တို့မှ ကြီးမှူးကျင်းပသော လုပ်ငန်းရှင်များကွန်ရက်နှင့် ကုန်စည်ပြပွဲကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လုပ်ငန်းရှင်များကွန်ရက်နှင့် ကုန်စည်ပြပွဲကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်းနှင့် Intrenational Labour Organization မှ ဦးသူရိန်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်းက မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနက် (၉၉)ရာခိုင်နှုန်းသည် MSME များဖြစ်သည့်အတွက် MSME များဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ရဲ့ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်(၄)ချက်ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ဒီရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာမှာ ယခုလို ကွန်ရက်ချိတ်ဆက်ပွဲနှင့် ကုန်စည်ပြပွဲများကလည်း လုပ်ငန်းရှင်များအချင်းချင်း Network ချိတ်ဆက်မှုများ၊ နည်းပညာဖလှယ်မှုများအတွက် အင်မတန်အကျိုးရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးပေးကြသော စပွန်ဆာကုမ္ပဏီများအား လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးက ဂုဏ်ပြုလက်မှတ်များပေးအပ်ပြီး SIYB Myanmar အဖွဲ့မှ ဒေါ်နီမြစီက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ယင်းနောက် လုပ်ငန်းရှင်များကွန်ရက်နှင့် ကုန်စည်ပြပွဲသို့ တက်ရောက်လာကြသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရားများနှင့် ဧည့်သည်တော်များက ခန်းမအတွင်းရှိ ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု ကြသည်။
အဆိုပါ လုပ်ငန်းရှင်များကွန်ယက်နှင့် ကုန်စည်ပြပွဲကို ဇွန် ၁ ရက်မှ ၂ ရက်နေ့ထိ နံနက် ၉ နာရီမှ ည ၉ နာရီထိ ပြသသွားမည့်ဖြစ်ပြီး ပြပွဲတွင် မြန်မာပြည်အရပ်ရပ်မှ ထုတ်ကုန်များ၊ စားသောက်ကုန်များနှင့် လုပ်ငန်းအမျိုးမျိုးပါဝင်ပြသမည့်အပြင် လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ပေးမှုများ၊ အခမဲ့ စီးပွားရေးသင်တန်းများနှင့် တေးဂီတဖျော်ဖြေပွဲများ ပါဝင်မည့်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN
